ပွင့်ဖြူ ၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ရည်ရွယ်ကာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအနီးတွင် မြေသားရေကန်တစ်ကန် တူးဖော်ဆောင်ရွက်ပေး နေကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အရိပ်ရ ပျိုးပင်များ ပြုစုပျိုးထောင်ပြီး ကျေးရွာသုံးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်း၊ (ထူးစိမ်း) တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်ခြင်း၊ တောထိန်းကွက်လပ်ဖြည့်စိုက်ခင်းများ တည်ထောင်ခြင်းနှင့် တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်၊ သစ်မာအပင်(၂၀) လူထုဖြန့်ဝေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် သစ်တောပြုန်းတီးမှုကာကွယ်နိုင်ရေး ကျေးရွာများသို့ အေဝမ်းမီးဖိုများ ဖြန့်ဝေပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ယခုကဲ့သို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု တူးဖော်ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာအနီး မြေသားရေကန်တူး ဖော်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေကျပ် ၂၇ သိန်းဖြင့် အလျားပေ ၁၀ဝ၊ အနံပေ ၅၀၊ အနက် ၆ ပေရှိကာ ကန်အတွင်း မိုးရေသိုလှောင်နိုင်ရေးအတွက် ရေဝင်ပေါက်တစ်ခုနှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ စနစ်တကျ ခပ်ယူသုံးစွဲနိုင်ရေး ကန်အဆင်းအတက် အုတ်လှေကားတစ်ခု ထည့်သွင်းတူးဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ အဆိုပါ မြေသား ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဌာနအစီအစဉ်ဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ တူးဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော် ဆောင်ရွက်ပြီးစီးသွားပါက မြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုပေးနိုင်မည့်အပြင် ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲခွင့် အကျိုးပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်း၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


