မင်းထက်အောင်(မန်းကိုယ်ပွား)
သယံဇာတ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် အားကိုးလုပ်ဆောင် နေကြသည့် မိုးကုတ်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချနိုင်စေရေးအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသခံ မြို့မိမြို့ဖများက ပြောသည်။
သိသာစွာတိုးတက်
မိုးကုတ်မြို့သို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစ၍ ဖြေလျှော့မှုများပေးကာ ဝင်ရောက်ခွင့်ပြုခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်အတွင်း၌လည်း မိုးကုတ်အနီးပတ်ဝန်းကျင်ရှိ ဘားနက်(ဒ်)၊ ပန်လင်နှင့် ကျောက်ပြာသာဒ်ကျေးရွာများသို့လည်း သွားရောက်လည်ပတ်နိုင်ရန် ခရီးစဉ် ဒေသအသစ်များအဖြစ် တိုးချဲ့ခွင့်ပြုပေးခဲ့သဖြင့် ပြည်တွင်း ပြည်ပခရီးသွား ဝင်ရောက်မှုမှာ သိသာစွာတိုးတက်လာခဲ့ကြောင်း သိရသည်။
သယံဇာတတွေကို ထိန်းသိမ်းပြီးထုတ်လုပ်စေချင်
''၂၀၁၉ ခုနှစ်မှာ မိုးကုတ်မြို့ကို ခရီးသွားဝင်ရောက်မှုက သိသာစွာတိုးတက် လာခဲ့တယ်။ အထူးသဖြင့် ပြည်တွင်းခရီးသွားတွေ အများအပြား ဝင်ရောက်လာကြပြီး နိုင်ငံတကာခရီးသွားတွေအနေနဲ့ ဘားနက်(ဒ်)ကျေးရွာကို အများဆုံး သွားရောက်လည်ပတ်မှုတွေ ရှိလာတယ်။ ကျွန်မတို့အနေနဲ့ မိုးကုတ်မြို့မှာ ခရီးသွားလုပ်ငန်းကို တိုးတက်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မိုးကုတ်ဒေသက သယံဇာတတစ်ခုတည်းကိုပဲ အားကိုးနေရပြီး ဘိုးဘွားတွေလက်ထက် ကတည်းက ဒီကျောက်မျက် တူးဖော်တဲ့လုပ်ငန်းနဲ့ပဲ အသက်မွေးလို့ရတယ်လို့ တစ်မြို့လုံးက မြင်နေကြတယ်။ ကျောက်မျက်ကလည်း အဓိကစီးပွားရေး ဖြစ်ပေမယ့် ဒီမြို့မှာ အခြားစီးပွားရေးလမ်းကြောင်းလေးကို ပြောင်းလဲပေးနိုင်လိုက်ရင် ဒီကျောက်မျက်သယံဇာတကို တူးဖော်တဲ့နေရာမှာ လျော့ကျသွားနိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းသလိုဖြစ်သွားပြီး နောင် နှစ်ပေါင်းများစွာကြာတဲ့အထိ သယံဇာတတွေ မဆုံးရှုံးနိုင်တော့ဘူး။ ဒါကြောင့် မိုးကုတ်မြို့ရဲ့ သယံဇာတတွေကို ထိန်းသိမ်းပြီး ထုတ်လုပ်စေချင်တယ်ဆိုရင် အခြားဝင်ငွေရမယ့် စီးပွားရေးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို တစ်မြို့လုံးက ရွေးချယ်ပြီး အောင်မြင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်'' ဟု ဒေသခံ ဒေါ်ဖြူဖြူမြင့်က ပြောသည်။
ပြည်တွင်း ပြည်ပခရီးသွားများ ဝင်ရောက်
မိုးကုတ်မြို့နှင့် ဘားနက်(ဒ်)ကျေးရွာသို့ ပြည်တွင်း ပြည်ပခရီးသွားများ ဝင်ရောက်လျက်ရှိရာ လက်ရှိတွင် မိုးကုတ်မြို့မှ ဘားနက်(ဒ်)ကျေးရွာသို့ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ် တည်းခိုနိုင် စေရေးအတွက် လမ်းများပြုပြင်ခြင်းနှင့် တည်းခိုခန်းများထားရှိရန် အစီအစဉ်များကို ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံတကာ ခရီးသွားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် ဒေသထွက်ကုန်အစားအစာများ ချက်ပြုတ်ရန် နည်းလမ်းများကိုလည်း ဟောပြောဆွေးနွေးပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း၌ မိုးကုတ်မြို့နှင့် ဘားနက်(ဒ်)ကျေးရွာ၏ ခရီးသွားလုပ်ငန်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဟု ဒေသခံများက မျှော်လင့်လျက်ရှိသည်။
''မိုးကုတ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ခရီးစဉ်ဒေသဖြစ်သလို ကမ္ဘာမှာလည်း Ruby land လို့ လူသိများတဲ့ဒေသဖြစ်ပါတယ်။ ဒီဒေသကို စနစ်တကျနဲ့စီမံခန့်ခွဲပြီး ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ ခရီးသွားကဏ္ဍမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဝန်ဆောင်မှုကဏ္ဍနဲ့ ခရီးသွားဧည့်သည်တွေကို အဓိက ဆွဲဆောင်နိုင်ဖို့အတွက်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း သင်တန်းတွေ၊ ဟောပြောပွဲတွေနဲ့ ဆောင်ရွက်ပေးနေသလို တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေနဲ့လည်း ဆွဲဆောင်လျက်ရှိပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
၁၄၀၀ ကျော် ဝင်ရောက်
ယခင်က မိုးကုတ်မြို့သို့ နိုင်ငံတကာခရီးသွားများ ဝင်ရောက်ခွင့်ကို ကန့်သတ်တားမြစ်ထားခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် စတင်ဝင်ရောက်ခွင့်ပြုခဲ့ကာ ထပ်မံ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မိုးကုတ်မြို့နှင့် စပ်ဆက်နေသည့် သဘာဝအရင်းအမြစ်များ တိုင်းရင်းသား ကျေးရွာများ၊ စစ်သင်္ချိုင်းနှင့် လက်နက်တိုက်ဟောင်းများ၊ တည်ရှိရာ ဘားနက်(ဒ်)၊ ပန်လင်နှင့် ကျောက်ပြာသာဒ် ကျေးရွာများသို့ တိုးချဲ့လည်ပတ်ခွင့် ပြုခဲ့သဖြင့် ယခုအခါ မိုးကုတ်မြို့သို့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွား ဦးရေ ၁၄၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။