ပွင့်ဖြူ ၅ ဇန်နဝါရီ      

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရေး တန်ဖိုးရှိသော သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇန်နဝါရီ ၅ ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် မှရိုးကုန်းကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အသိပညာပေး ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး က နိုင်ငံတစ်ဝန်း သစ်တောသစ်ပင် ပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ နှစ်စဉ်ကြုံတွေ့နေရကာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊  စိုက်ပျိုးရေး အစရှိသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် မိမိနိုင်ငံ၊ မိမိမြို့ရွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းသွားကြစေလိုကြောင်း၊ ထင်းအစား အခြားလောင်စာ သုံးစွဲနိုင်ရေး တစ်ချောင်းထိုး မီးဖိုများကို ပြောင်းလဲသုံးစွဲကြစေလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပညာပေး ဟောပြောမှုအပေါ် သစ်တောပြုန်းတီးမှု ကာကွယ်သွားနိုင်ရေး ထင်းအစား အခြားလောင်စာဖြင့် တစ်ချောင်းထိုး မီးဖိုသုံးစွဲနည်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ 

 

ဟောပြောပွဲအပြီးတွင် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးနှင့် ဝန်ထမ်းများအဖွဲ့က ဟောပြောပွဲသို့ လာရောက်သည့် မှရိုးကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၀၈ ဦးအား ထင်းအစား လောင်စာအစားထိုး တစ်ချောင်းထိုးမီးဖိုများကို ကံစမ်းမဲစနစ်ဖြင့် မဲဖောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

AC2.j