သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုတဲ့ လျှပ်စစ်ကားများ

 

ထူးလင်းမိုး

 

နည်းပညာ  တိုးတက်ထွန်းကာလာတဲ့ ခေတ်မှာ သိပ္ပံညာရှင်တွေဟာ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေရှိစေမယ့်  နည်းပညာရပ်တွေကို သူ့ထက်ငါ ကောင်းသထက်ကောင်းအောင်  ကြံဆတီထွင် ထုတ်လုပ်လာကြပါတယ်။  အဲဒီလိုမျိုး ကြံဆတီထွင် ထုတ်လုပ်တဲ့အထဲမှာ လျှပ်စစ်ကားတွေလည်း  အပါအဝင် ဖြစ်ပါတယ်။

 

ကမ္ဘာပေါ်မှာ စက်မှုလုပ်ငန်းတွေ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ကောင်းမွန်တဲ့ အသီးအပွင့်တွေကို ခံစားရသလို အဲဒီကထွက်ပေါ်လာတဲ့ မကောင်းတဲ့ အကျိုးဆက်တွေဟာလည်း မနောမနည်းပါပဲ။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သလို လေထုညစ်ညမ်းမှုတွေ  ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် တချို့စက်မှုထိပ်သီး နိုင်ငံတွေဟာ  ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို  ရည်မှန်းချက်ထားပြီး လျှော့ချလာနေတာ မျက်မြင်ပါပဲ။

 

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေကို လျှော့ချတဲ့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် လျှပ်စစ်ကား  တီထွင်ထုတ်လုပ်မှုဟာလည်း တစ်ခုအပါအဝင် ဖြစ်သလို အဲဒီနည်းစနစ်ဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းစွာအကျိုးပြုပါတယ်။

 

လေထုညစ်ညမ်းမှုလျော့ကျ

 

လျှပ်စစ်ကား တီထွင်ထုတ်လုပ်လာတဲ့အတွက် မြို့ကြီးတွေရဲ့ လေထုအရည်အသွေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ အိပ်ဇောပိုက်မပါတဲ့လျှပ်စစ်ကားတွေဟာ ကားမောင်းတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးမှာမဟုတ်ပါဘူး။ ဒီလို ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်ပေးတဲ့အတွက် လေထုညစ်ညမ်းမှုကို လျော့ကျစေပါတယ်။

 

အရိုးရှင်းဆုံးပြောရမယ်ဆိုရင် လျှပ်စစ် ကားတွေဟာ ကျွန်တော်တို့တွေအတွက် သန့်ရှင်းတဲ့လမ်းမကြီးတွေ ဖြစ်ပေါ်စေကာ ထိုမှတစ်ဆင့် သန့်ရှင်းတဲ့မြို့ပြတွေ ဖြစ်လာပြီး  လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးနင်းသူတွေအတွက် အကောင်းဆုံးနေရာတွေ ဖြစ်လာစေပါတယ်။

 

တစ်နှစ်ကျော်  ကာလအတွင်းမှာ လျှပ်စစ်ကားတစ်စီးဟာ ပျမ်းမျှအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၅ သန်း ဂရမ်ကို  ကာကွယ်နိုင်မှာ  ဖြစ်ပါတယ်။ ဒါဟာ လန်ဒန်ကနေ ဘာစီလိုနာကို လေယာဉ် လေးခေါက်ပျံသန်းတဲ့ပမာဏနဲ့ ညီမျှပါတယ်။

 

အင်္ဂလန်နိုင်ငံမှာဆိုရင်  လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို သုည အဆင့်ထိလျှော့ချ ပြီးလုပ်ဆောင်ဖို့ ကြိုးစားဆောင်ရွက်နေပါပြီ။ အဲဒီလိုအချိန်မှာ လျှပ်စစ်ကားတွေ ရဲ့ အသုံးဝင်မှုဟာ  အံ့မခန်းဖြစ်လာမှာ ဖြစ်ပါတယ်။

 

လျှပ်စစ်ကားတွေဟာ ကျွန်တော်တို့ပုံမှန်အသုံးပြုနေကျ ကားတွေထက် ဆူညံမှုပိုပြီး နည်းပါးလှတဲ့အတွက် ပိုပြီး အေးချမ်းတိတ်ဆိတ်တဲ့ မြို့ပြပတ်ဝန်းကျင်ကို ဖန်တီးဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

 

သဘာဝအတွက် အကောင်းဆုံး

 

လျှပ်စစ်ကားတွေကို  ဖန်တီးထုတ်လုပ်တဲ့နေရာမှာ စွမ်းအင်အတော် များများ အသုံးပြုရပါတယ်။ ဘက်ထရီ ထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစားရင်တောင် လျှပ်စစ်ကားတွေဟာ သဘာဝပတ်ဝန်းကျင်အတွက်  အကောင်းဆုံး ရွေးချယ်မှုအဖြစ်  ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။  

 

လျှပ်စစ်ကားတစ်စီးရဲ့ ကာဗွန်ထုတ်လွှတ်မှုဟာ  ဓာတ်ဆီသို့မဟုတ် ဒီဇယ်ကားတစ်စီးထက်  ၁၇  - ၃၀ ရာခိုင်နှုန်းအောက် လျော့နည်းပါတယ်။ လျှပ်စစ်ကားတွေဟာ သုံးစွဲသူတွေအတွက် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လျှပ်စစ်ကားတွေဟာ သယ်ယူပို့ဆောင်ရေးမှာ ပိုပြီးအသုံးဝင် လာတော့မှာပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား -www.cars.com/ www.edfenergy.com