သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့

၃၁ ဇူလိုင်

မြန်မာနိုင်ငံသည် သစ်တောသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ဧရိယာထက်ဝက်ကျော်ကို သစ်တောများက ဖုံးလွှမ်းလျက်ရှိရာ သစ်တောများတွင် ရှင်သန်ကျင်လည်လျက်ရှိသော ဇီဝမျိုးစုံ မျိုးကွဲများလည်း ပေါများသည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ သစ်အမျိုးအမည်နှင့် တန်ဖိုးကို ခွဲခြားခြင်းမရှိဘဲ ထင်းအဖြစ်အသုံးပြုခြင်းနှင့် တရားမဝင် သစ်ခိုးထုတ်ခြင်းများကြောင့် သဘာဝ အရင်းအမြစ်များ လျော့နည်းဆုံးရှုံးလျက်ရှိသည်။

ကမ္ဘာ့ဒေသအသီးသီးတွင် သစ်တောပြုန်းတီးမှု များလာသည်နှင့်အမျှ သစ်ပင်များက လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူနိုင်မှု နည်းပါးသွားသဖြင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ လျော့နည်းသွားခြင်းမရှိတော့ဘဲ များပြားလာသည့်အပြင် စက်တပ်ယာဉ်များ၊ စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ စသည်တို့ တိုးပွားလာမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုများမှာ နှစ်စဉ် တိုးလာခဲ့သည်။

ကမ္ဘာ့လူဦးရေနှင့် သယံဇာတ

ကမ္ဘာ့လူဦးရေတိုးပွားမှုကလည်း စွမ်းအင်သုံးစွဲမှုကို တိုး မြင့်လာစေသည်။ လူသားတို့ စိုက်ပျိုးမွေးမြူရေးအတတ် ပညာကို စတင်ကျင့်သုံးခဲ့သော ဘီစီ ၁၀ဝ၀ဝ ခန့်တွင် ကမ္ဘာ့လူဦးရေသည် ၁၅ သန်းအောက်တွင်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ၁၈၀၄ ခုနှစ်တွင် သန်း ၁၀ဝ၀ သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့လူဦးရေမှာ ထပ်တိုးနှုန်းဖြင့် တိုးပွားခဲ့သောကြောင့် ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် သန်း ၇၆၃၀ ရှိမည်ဟု သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက တွက်ချက်တင်ပြထားသည်။

လူတို့သည် ရေ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက် ကျောက်အမျိုးမျိုးနှင့် အခြားမြေအောက်သယံဇာတ ပစ္စည်းများကို ထုတ်ယူသုံးစွဲမှု များလာသည်။ ထို့ကြောင့် မြေပေါ်မြေအောက် သယံဇာတများသည် တဖြည်းဖြည်း လျော့နည်းသည်ထက် လျော့နည်းလာသည်။ သစ်တောကြီးများ ပြုန်းတီးလာသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ယွင်းလာသည်။ စက်ရုံ၊ အလုပ်ရုံများက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို ထုတ်လုပ်မှုများပြားလာခြင်းကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာသည်။ စက်ရုံကြီးများက စွန့်ပစ်ပစ္စည်းများကို မြစ်ချောင်းနှင့် ပင်လယ်အတွင်းသို့ စွန့်ပစ်မှုကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်အတွင်းရှိ သဘာဝဂေဟစနစ်များ ပျက်စီးလာသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကြောင့် ဖန်လုံအိမ်အာနိသင် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကမ္ဘာကြီးသည် တစ်စတစ်စ ပူနွေးလာခဲ့သည်။

ရာသီဥတုဖောက်ပြန်လာခြင်း

အကျိုးဆက်အားဖြင့် ရာသီဥတုများ ဖောက်ပြန်လာသည်။ ဝင်ရိုးစွန်းမှရေခဲများ အရည်ပျော်လာသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာပြီး ရေလွှမ်းမိုးမှုများ ကြုံတွေ့ကြရသည်။ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများဖြစ်ပေါ် ခြင်းဟူသည့် သဘာဝလွန် ဆိုးကျိုးများကို တွေ့ကြုံခံစားနေကြရသည်

လူသားများကြောင့် ကမ္ဘာကြီးသည် ပူနွေးလာရပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။ တစ်ကမ္ဘာလုံး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး ရာသီဥတုကပ်ဘေးများ နှစ်စဉ်ဖြစ်ပွားလျက်ရှိသောကြောင့် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ က္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော ရာသီဥတု ပူနွေးပြောင်းလဲမှုသည် မြန်မာနိုင်ငံကိုလည်း သက်ရောက်မှုများ ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း၊ မိုးရွာရက်လျော့နည်းလာခြင်း၊ အပူလွန်ကဲခြင်း၊ အအေးပိုခြင်း အစရှိသော သဘာဝရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကမ္ဘာတစ်ဝန်းတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရန် ကုလသမဂ္ဂသည် နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရက ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကြိုးပမ်းလျက်ရှိသည်။ နှစ်စဉ် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလဟု သတ်မှတ်၍ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်များကို တက်တက်ကြွကြွ စိုက်ပျိုးကြသည်။ ထို့အပြင် ပျက်စီးရန်မလွယ်ကူဘဲ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေသည့် ကြွပ်ကြွပ်အိတ် အသုံးပြုမှု များကို လျှော့ချရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှု ကင်းစင်ရန် လှုံ့ဆော်လျက်ရှိသည်။ Reduce, Reuse နှင့် R Recycle နည်းသုံးနည်းကို ကျင့်သုံးရန် အသိပညာပေးလျက်ရှိသည်။

အမှန်အားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ လူတိုင်းလူတိုင်းတွင် တာဝန်ရှိပါသည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားလျက်ရှိသော ဖြစ်ရပ်များမှ သင်ခန်းစာယူလျက် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ကမ္ဘာကြီး ယခုထက်ပို၍ ပျက်စီးမသွားအောင် ထိန်းသိမ်းကြရန် တောင်းဆိုနေကြပြီဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို တားဆီးနိုင်မည်မဟုတ်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားခြင်းဖြင့် သက်သာရာရစေနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာ့ပတ်ဝန်းကျင် သာယာလှပစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

မြင့်မြတ်သီတာ