မန္တလေး ၁၅ အောက်တိုဘာ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၅-၅၆ လမ်းကြား ရတနာလမ်းနှင့် အေးသုခလမ်းကြား ရတနာပုံမြို့သစ်တွင် မြန်မာ့ရိုးရာ ကြေးသွန်းလုပ်ငန်းကို စက်မှုနည်းပညာဖြင့် ပေါင်းစပ် လုပ်ကိုင်လာသည့်အတွက် ထင်း၊ မီးသွေးနှင့် မြေများကို အသုံးပြုမှုနည်းသွားကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးဖြစ်နေကြောင်း သိရသည်။

ရိုးရာကြေးသွန်းလုပ်ငန်းတွင် ကြေးသွန်းရုပ်တုတစ်ခုအတွက် မြေပုံပန်းပုတစ်ခုကိုအသုံးပြုကာ မြေများစွာ အသုံးပြုပြီး ထင်း၊ မီးသွေးများဖြင့် ကြေးကျိုခြင်းများကို ပြုလုပ်ကြရသည်။ လက်ရှိကာလ မြန်မာ့ရိုးရာ ကြေးသွန်းပညာကို စက်မှုနည်းပညာဖြင့် ပေါင်းစပ်ရာတွင် မြေပန်းပုတစ်ခုကို ပလာစတာဖြင့် မိုဖန်တီးကာ မိုဖြင့်ပင် ကြေးသွန်းခြင်းကို လုပ်ကိုင်သည့်အတွက် ရုပ်တုများအတွက် မြေတစ်ခါသာလျှင် ကုန်ကြသည်။ စက်မှုနည်းပညာဖြင့် ပေါင်းစပ်သော ကြေးသွန်းလုပ်ငန်းတွင် ထင်း၊ မီးသွေးအစား အင်ဂျင်ဝိုင်အပျက်များကို အသုံးပြုကာ ပန့်ဖြင့်မီးဖိုကာ ကျိုချက်ကြသည်။

လက်ရှိကာလတွင် အင်ဂျင်ဝိုင် အပျက်တစ်ပီပါလျှင် ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့်ဝယ်ယူကာ ပန့်ဖြင့် မီးဖိုကာ ကြေးများကို အရည်ကျိုုခြင်းများ၊ ကြေးသွန်းခြင်းများ ပြုလုပ်လျက်ရှိရာ လုပ်ငန်း မြန်ဆန်တွင်ကျယ်လာခဲ့သည်။ အင်ဂျင်ဝိုင်အပျက်များကို လောင်စာအဖြစ် အသုံးပြုသည့်အတွက် ရုပ်တုပြုလုပ်ခြင်း ကြေးကျိုခြင်းလုပ်ငန်းများ မြန်ဆန်ကာ သဘာဝပတ်ဝန်းကျင်ပါ ထိန်းသိမ်းပြီးဖြစ်နေကြောင်း ကြေးသွန်းပညာရှင် တစ်ဦးက ရှင်းပြသည်။

တိမ်တမန်