နေပြည်တော် ၂၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး မြေပေါ်မြေအောက်သဘာဝသယံဇာတများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ဤသို့မဟုတ်တော့ပြီ။ ဆယ်စုနှစ် နှစ်ခုကျော် အချိန်ကာလအတွင်း လူတို့၏ အဆင်ခြင်မဲ့ထုတ်ယူသုံးစွဲခဲ့သောကြောင့် နိုင်ငံအတွင်း သဘာဝသယံဇာတအရင်းအမြစ်များ ကုန်ခန်းယိုယွင်း ပျက်စီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တာဝန်သိသူများကထောက်ညွှန်ပြသ၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးပါရန် မကြာခဏဆိုသလို တိုက်တွန်းပြောဆိုလာကြသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းထားသော ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းဟူသည့် ရေချိုမြစ်ကြီး လေးစင်း၊ သုံးစွဲ၍ မကုန်နိုင်သော ရေသယံဇာတများနှင့် သာယာလှပသော ပင်လယ်ကမ်းခြေ သဘာဝအရင်းအမြစ်များပေါများသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင် ကမ်းရိုးတန်းဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသများ ရှိသည်။ ထို့အပြင် အလယ်ရိုးမ၊ ပဲခူးရိုးမ၊ အနောက်ရိုးမ၊ အရှေ့ရိုးမ၊ ရှမ်းတောင်တန်း၊ ကချင်တောင်တန်း၊ မေယုတောင်တန်း၊ ဒေါနတောင်တန်းများရှိသည်။
သဘာဝတွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့် မိုးကုတ်ပတ္တမြားမြေ၊ ဖားကန့်ကျောက်စိမ်းမြေ၊ မိုးထိ မိုးမိကဲ့သို့သော ရွှေထွက်သော အရပ်ဒေသများ၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သဘာဝတွင်းထွက် သယံဇာတများ ထွက်ရှိသည့်ဒေသများ၊ ရခိုင်ပြည်နယ်နှင့် မုတ္တမကမ်းလွန်ဒေသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိရာဒေသများ စသည့် သဘာဝသယံဇာတပစ္စည်းများ ပေါ်များြွကယ်ဝသည့် ဒေသများစွာနှင့် စိုက်ပျိုးနိုင်သော မြေယာရှိသည့်ဒေသများ နိုင်ငံအနှံ့တွင် ရှိသည်။
သဘာဝသယံဇာတများ၊ သဘာဝအရင်းအမြစ်များ ထိုသို့ အမြောက်အမြားရှိခဲ့သော်လည်း ခေတ်ကာလ အဆက်ဆက်မှ လူတို့ သဘာဝသယံဇာတများကို အဆင်ခြင်မဲ့ထုတ်ယူသုံးစွဲမှု၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စီမံဆောင်ရွက်ရေး အားနည်းမှုစသည့် အမျိုးမျိုးသောအကြောင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကြွယ်ဝချမ်းသာခြင်းမရှိဘဲ ကမ္ဘာ့နိုင်ငံများနောက် ရောက်နေသည်မှာ ဝမ်းနည်းစရာဖြစ်သည်။ အခြား အကျိုးဆက်အနေဖြင့် ပြည်တွင်းသဘာဝအရင်းအမြစ်များကို အမှီပြု၍ ပြည်တွင်း၌ အလုပ်အကိုင်များ ဖန်တီးမပေးနိုင်သောကြောင့် ပြည်ပနိုင်ငံများသို့ လူသားအရင်းအမြစ်များစီးထွက်သွားသည်မှာလည်း ဝမ်းနည်းဖွယ် ဖြစ်သည်။
ထို့ကြောင့် သဘာဝသယံဇာတများဖြစ်သည့် သစ်တောသစ်ပင်များ၊ ရေသယံဇာတ၊ တွင်းထွက်သယံဇာတ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊လယ်ယာမြေနှင့် သီးပင် စားပင်စိုက်ပျိုးရေးတို့ကို ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဒေသခံပြည်သူများနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် ရေရှည်စီမံချက်များ ချမှတ်ကာဆောင်ရွက်သွားသင့်ပါသည်။ သဘာဝအရင်းအမြစ်များကို လက်တွေ့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရာတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ကြီးကြပ်မှုကော်မတီများကိုလည်း ၂၀၁၆ ခုနှစ်က ဖွဲ့စည်းထားသည်။ ထိုသို့ နိုင်ငံတော်က ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီ၊ ကြီးကြပ်မှုကော်မတီများက သစ်တောသယံဇာတများ အဓွန့်ရှည်ကြာ တည်တံ့စေရန်နှင့် စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ပေသည်။ သဘာဝတွင်းထွက်သတ္တုသယံဇာတများ ထုတ်ယူရာ၌လည်း လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်မပျက်စီးရေးနှင့် နိုင်ငံတော်အား အခွန်အခများအပြည့်အဝပေးဆောင်ရေးစသည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျလုပ်ဆောင်ကြရန် လိုအပ်ပေသည်။
သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတအရင်းအမြစ်များသည် တိုင်းပြည်နှင့် နိုင်ငံသားများအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းတိုးပွားပြီး လူမှုဘဝတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြံဆ ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။
(ကြေးမုံ)