သဘာဝသယံဇာတ ထိန်းသိမ်းရေးနှင့် ပြည်သူတို့၏ပူးပေါင်းဆောင်ရွက်မှု

၁၄   ဖေဖော်ဝါရီ

 

အတိတ်ကာလမြို့ကြီးများ တိမ်ကောပျက်စီးခြင်းကို လေ့လာပါက ရေအရင်းအမြစ်များ ပျောက်ကွယ်ဆုံးရှုံးသွားခြင်းသည် အကြောင်းရင်း တစ်ရပ်အနေဖြင့် ပါဝင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြို့ ပြများ ရပ်တည်ရှင်သန်နိုင်ရေး အတွက် ရေအရင်းအမြစ်ရရှိရေးသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် မြို့ကို ဖြတ်သန်း စီးဆင်းနေသော မြစ်ချောင်း၊ မြို့တွင်း၌ရှိသော ကန်ရေပြင်တို့သည် မြို့၏ ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေ၍ မြို့သူ မြို့သားတို့၏ စိတ်ကို သာယာချမ်းမြေ့စေပါသည်။

 

သို့သော် ဖြတ်သန်းစီးဆင်းသော မြစ်ချောင်းတို့ကို မြို့တိုင်း၌ တွေ့ရမည် မဟုတ်ပါ။ ဖြတ်သန်းစီးဆင်းသော မြစ်ချောင်းတို့ကို ပိုင်ဆိုင်ထားသော မြို့တို့သည် သဘာဝ၏ လက်ဆောင်မွန်တစ်ရပ်ကို ပိုင်ဆိုင်ရရှိ ထားသော မြို့များဖြစ်ပါသည်။ ပဲခူးမြို့သည် ထိုကဲ့သို့သော မြို့များအနက် မြို့တစ်မြို့ ဖြစ်ပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သဘာဝ၏ လက်ဆောင်မွန်ဖြစ်သော ပဲခူးမြစ်ကို စနစ်တကျ မထိန်းသိမ်းနိုင်ခြင်း ဖြစ်ပါသည်။ ပဲခူးဈေးသည် ပဲခူးမြစ်ကမ်းနဖူးကို မေးတင်ထားသည်ဖြစ်၍ စနစ်တကျ မကိုင်တွယ်နိုင်သော ဈေးအမှိုက်တို့သည် ပဲခူးမြစ်၏ သဘာဝ အလှအပနှင့် သဘာဝသယံဇာတတို့ကို ယိုယွင်းပျက်စီးစေပါသည်။ စွန့်ပစ်ပစ္စည်း အမှိုက်တို့သည် ပဲခူးမြစ်ကို ပျက်စီးစေသော အကြောင်းရင်းတစ်ရပ်သာ ဖြစ်ပါသည်။ ပဲခူးမြစ်အထက်ပိုင်း ကန်တော်ကြီး ရေဝေရေလဲ ဧရိယာအတွင်း ပိုးသတ်ဆေးနှင့် ဓာတုဗေဒ ဓာတ်မြေဩဇာအလွန်အကျွံ သုံးစွဲမှုနှင့် မြစ်အတွင်း သဲစုပ်ထုတ်ယူမှုတို့ကို မထိန်းချုပ်နိုင်ခြင်းများသည်လည်း ပဲခူးမြစ်ကို ပျက်စီးစေသော အကြောင်းတရားများ ဖြစ်ပါသည်။

 

ဤအခြေအနေကို ကိုင်တွယ်ပြုပြင်နိုင်ရန်အတွက် Institute for Water Research (NIVA) က ပဲခူးမြစ်ကြောင်း တစ်လျှောက် အပိုင်း (၃၅)ပိုင်း ပိုင်း၍ တစ်ပိုင်းချင်းစီ၌ရှိသော ရေနမူနာ တို့ကို တစ်လလျှင်သုံးကြိမ် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။ နော်ဝေရေသုတေသနဌာန (NIVA) သည် နော်ဝေအခြေစိုက်ရေ သုတေသနဌာနတစ်ခုဖြစ်ပြီး မြစ်ချောင်းအင်းအိုင်နှင့် ပင်လယ်ကမ်းခြေတို့၏ သဘာဝသယံဇာတ ရင်းမြစ်တို့ကို စောင့်ကြည့်လေ့လာ သုတေသန ပြုလုပ်လျက်ရှိသော အဖွဲ့အစည်း ဖြစ်ပါသည်။ နော်ဝေရေသုတေသနဌာန (NIVA) ကို ၁၉၅၈ ခုနှစ်၌ စတင်ထူထောင်ခဲ့ပြီး အကျိုးအမြတ်ရယူနိုင်ရေး အတွက် ဖွဲ့စည်းထူထောင်ထားသော အဖွဲ့အစည်းမျိုး မဟုတ်ပါ။ NIVA ကဲ့သို့သော အဖွဲ့အစည်းမျိုးက ပဲခူးမြစ်၏ သဘာဝသယံဇာတနှင့် အလှအပတို့ ထိန်းသိမ်းနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်နေခြင်းသည် အားတက်စရာ ဖြစ်ထွန်းမှုတစ်ရပ် ဖြစ်ပါသည်။

 

သို့သော် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရာ၌ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုရှိသော အဖွဲ့အစည်းတို့၏ အင်အားသက်သက်ဖြင့် ဆောင်ရွက်၍မရနိုင်ပါ။ ပြည်သူလူထု၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြစ်၏ သဘာဝ သယံဇာတနှင့် အလှအပကို ဖျက်ဆီးနေသည့် စွန့်ပစ်အမှိုက်တို့၏ ပြဿနာကို သုံးသပ်ပါက သက်ဆိုင်ရာ အာဏာပိုင်တို့၏ စနစ်တကျ ဆောင်ရွက်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိမှသာ အပြည့်အဝ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ တင်ပြလိုသည်မှာ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်ရေးအတွက် လူထုပညာပေးလုပ်ငန်းစဉ်တို့ကို အလေးအနက်ထား ဆောင်ရွက်ရန် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ပဲခူးမြစ်၏ သဘာဝသယံဇာတနှင့် အလှအပတို့ ထိန်းသိမ်းနိုင်ရေးအတွက် NIVA ကဲ့သို့သော အဖွဲ့အစည်း၏ ပညာရပ်ဆိုင်ရာ ထောက်ပံ့မှုကို ရယူရမည်သာမက သက်ဆိုင်ရာ အာဏာပိုင်တို့၏ စနစ်တကျဆောင်ရွက်မှုနှင့် လူထု၏ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဖြည့်ဆည်းပေါင်းစပ်ပေးရမည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)