မင်းဘူး ၂၈ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မင်းဘူးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဧက ၁၀၀၀ တွင် ဓမ္ဓတာမျိုးဆက်ခြင်း ဧက ၁၀၀ မှ ထွက်ရှိသော ထင်း ၁၁ ဒသမ ၆ တန်ကို ဒေသခံပြည်သူများအား ယနေ့ နံနက် ၉ နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးစိုးဝင်းအေးက ထင်းများအခမဲ့ဖြန့်ဝေရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဇီးအိုင်အုပ်စု တဲကုန်းကျေးရွာရှိ အိမ်ထောင်စု (၂၃)စုအား ထင်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ လေးပင်-အိုင်းမ ကြိုးပြင်ကာကွယ်တောမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(စတုတ္ထနှစ်)၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ဧက ၁၀၀၀ တွင် ဓမ္ဓတာမျိုးဆက်ခြင်း ဧက ၁၀၀ မှ ထွက်ရှိသော ထင်း ၇ ဒသမ ၁ တန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမနှစ်) မှထွက်ရှိသော ထင်း ၄ ဒသမ ၅ တန်ကို တဲကုန်းကျေးရွာရှိ အိမ်ထောင်စုများအား ပေးအပ်ခဲ့တာပါ၊ ယခုထွက်ရှိသော ထင်းများကတော့ ပင်ပူးခွာခြင်း၊ သစ်ကိုင်းချိုင်ခြင်းတို့မှ ရရှိတာတွေဖြစ်တဲ့အတွက် မိမိတို့ဒေသရှိ သစ်တောများအား ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သစ်တောပြုန်းတီးမှု အန္တရာယ်ကာကွယ်ရေးတို့အတွက် ထင်းအစားထိုး လောင်စာများ အသုံးပြုသွားကြပါ” ဟု မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းဘိုက ပြောသည်။
“ကျွန်တော်တို့ရွာကနေ ဒီနေ့မနက်စောစော နွားလှည်း (၁၃)စီးနဲ့ အိမ်ခြေစုစုပေါင်း (၁၁၅)အိမ်အတွက် ထင်းတွေကို လာရောက်ထုတ်ယူကြတာပါ၊ ကျွန်တော်တို့ဘက်ကလည်း သစ်တောမပြုန်းတီးအောင် တတ်နိုင်သလောက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ပါတယ်၊ အခုလို ထင်းတွေ အခမဲ့ဖြန့်ဝေပေးတဲ့အတွက် အရမ်းလည်း အဆင်ပြေပါတယ်၊ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေက အသိပညာများ ဟောပြောပေးတဲ့အတွက် ဗဟုသုတတွေရရှိခဲ့ပါတယ်” ဟု တဲကုန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမန်းတင်က ပြောသည်။
အဆိုပါအခမ်းအနားတွင် မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးစိုးဝင်းအေး၊ မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဉီးဝင်းဘို၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင်တို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ပြီး ထင်းတန်ချိန်စုစုပေါင်း ၁၁ ဒသမ ၆ တန်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


