နေပြည်တော် မတ်၂၈

သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ပိုမိုအထောက်အကူဖြစ်စေ ရန်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures) နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်လည်းကောင်း၊ ဝန်ထမ်းများ၏စွမ်းဆောင် ရည်မြင့်မားစေ ရန်လည်းကောင်း ရည်ရွယ်၍ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမတွင် ကျင်းပသည်။ 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများမှ အရာရှိကြီးများ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများ တက်ရောက် ကြသည်။ 

အခမ်းအနားတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာ နိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသသည် စတုရန်းမိုင်(၃၁,၀၀၀)ခန့်ကျယ်ဝန်း၍ လူဦးရေ(၁၁)သန်းခန့် မှီတင်းနေထိုင်လျှက်ရှိပြီး နှစ်စဉ်ပျမ်းမျှမိုးရေချိန်နည်းပါးခြင်း၊ လူဦးရေထူထပ်၍ သစ်တောများပေါ် တွင်မှီခိုမှုပိုမိုများပြားလာခြင်း၊ ရာသီဥတုပြင်းထန်လွန်ကဲခြင်းတို့ကြောင့် သဘာဝတောများ ပျက်စီးပြုန်းတီးခြင်း၊ တောအတန်းအစားကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ အပူပိုင်းတောများ ရေရှည်တည်မြဲရေးအတွက် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုကို ဆောင်ရွက်နိုင်ရန် သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်း သတ်မှတ်ပြီးစီမံအုပ်ချုပ်ခဲ့ပါကြောင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဦးစီးဌာန၏ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ကြီး(၄)ရပ်တွင် ပျက်စီးပြုန်းတီးနေသော သဘာဝတောများ ကို စနစ်တကျ ထိန်းသိမ်း စီမံအုပ်ချုပ် သွားခြင်းဖြင့် အချိန်တိုကာလအတွင်း စရိတ်စကအသက်သာဆုံးဖြင့် ရေ၊ မြေ၊ သဘာဝနှင့် လိုက်လျော ညီထွေသည့် သဘာဝတောများကို တိုးတက်ကောင်းမွန်လာအောင် ပြုစုပျိုးထောင်နိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ အရာထမ်းများက သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းဆိုင်ရာ စာတမ်း (၄)စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်