မုံရွာ ၂၁ မေ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်(၁၇)မြို့နယ်ရှိသစ်တော ဧရိယာများ အတွင်း သဘာဝတောတန်ဖိုးမြှင့် စိုက်ခင်းများအဖြစ် ဧက(၂၃၇၀)ကို ပြန်လည်ဖော်ဆောင်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ  သိရသည်။

 

 ““တချို့တောတွေဆိုရင် မရှိတော့တဲ့အတွက် တန်းဖိုးရှိသစ် အမျိုးအစားတွေကို ဖြည့်စွက်စိုက်ပျိုးတာ ဖြစ်တယ်၊ တချို့သစ်တောကြီးကတော့ ကောင်းတယ်၊ တစ်ချို့သစ်တောတွေကျတော့ တောတွေက ပါးနေတယ်၊ ဒါပေမယ့် တန်ဖိုးရှိတဲ့သစ်မျိုးက နည်းနေတယ်၊ တချို့တော အကုန်လုံးပျက်တာလည်း မဟုတ်ဘူး၊ အကွက်လိုက်လေးတွေ ဖြစ်နေတာတွေရှိနေတယ်၊ အဲဒိလိုနေရာမျိုးတွေမှာ ကျွန်း၊ ပျဉ်းကတိုးတို့လို တန်ဖိုးမြင့် သစ်အမျိုးအစားတွေ ပြန်လည်အစားထိုးစိုက် ပေးတာဖြစ်တယ်၊ ဒါမှ သစ်တောရဲ့ တန်ဖိုးက ပြန်လည်မြင့်တက်လာမှာ ဖြစ်တယ်”” ဟု  စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။

 

သဘာဝတောများတွင် အဖိုးတန်သစ်မျိုးများ၏ သဘာဝမျိုးဆက်ခြင်း မလုံလောက်တော့သည့် နေရာ များတွင် မူလတော၏ အနေအထားအား ထိခိုက်မှုမရှိစေဘဲ  အဖိုးတန်သစ်မျိုးများ ဖြည့်စွက် စိုက်ပျိုးခြင်းဖြစ်ပြီး အဆင့်အတန်း နိမ့်ကျလာသော ပျက်စီးယိုယွင်းလာသော သစ်တောများအား အဖိုးတန် ကျွန်၊ ပျဉ်းကတိုးနှင့် ပိတောက်စသည့် သစ်မျိုးများဖြင့် ဖြည့်စွက်စိုက်ပျိုးခြင်းဖြင့် တော၏ တန်ဖိုးများကို ပြန်လည်မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)