ထွန်းသစ်စ

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးအတွက် ၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲအများစုနဲ့ ခွဲထွက်ရေး အတည်ဖြစ်ခဲ့ပေမယ့်လည်း အဲဒီလို နုတ်ထွက်တဲ့အတွက်ကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရှုပ်ထွေးနေသေးတဲ့ အချက်အလက်အသစ်တွေ ဆက်လက်ရှိနေသေးတယ်လို့ သိရပါတယ်။

ခရီးဆုံးတိုင်မရောက်သေး
ဗြိတိန်နိုင်ငံဟာ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်မှာ ဥရောပသမဂ္ဂမှ ခွဲထွက်ဖို့ ရက်သတ်မှတ်ခဲ့ပေမယ့်လည်း နုတ်ထွက်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေမှာ ခရီးဆုံးတိုင် မရောက်သေးတာကို တွေ့ မြင်ရပါတယ်။

ဥရောပမှ ခွဲထွက်ရေး ဆန္ဒမဲပေးခဲ့သော်လည်း တကယ်တမ်းတော့ ဗြိတိသျှလူမျိုးတွေဟာ ဘရီးဇစ်အရေးနဲ့ ပတ်သက်ပြီး နှစ်ခြမ်းကွဲနေပါသေးတယ်။ ဘရီးဇစ်အရေးဟာ ပြီးဆုံးတော့မယ့် အခြေအနေကို တဖြည်းဖြည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း ဆက်လက်ဆွေးနွေး ညှိနှိုင်းရမယ့် ကိစ္စလေးတွေ အနည်းငယ်ကျန်ရှိ နေသေးပါတယ်။

လမ်းခွဲရမယ့် အလားအလာနဲ့ ရင်ဆိုင်ရနိုင်
အကယ်၍ ဘရီးဇစ်အကျပ်အတည်းကို ဗြိတိန်နိုင်ငံရေးစနစ်က မဖြေရှင်းနိုင်ပါက သို့မဟုတ် ဖြေရှင်းဖို့ပျက်ကွက်ခဲ့ပါက ဗြိတိန်ဟာ ဧပြီ ၁၂ ရက်မှာ ဥရောပသမဂ္ဂမှ ဒီအတိုင်းလမ်းခွဲ ရမယ့် အလားအလာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဗြိတိန်ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းက သူတို့တွေအနေနဲ့ ဥရောပသမဂ္ဂက ဘာသဘောတူညီချက်မှမရဘဲ ဒီအတိုင်းလမ်းခွဲရမယ့် အနေအထားအတွက် အသင့်ဖြစ်နေတယ်လို့ အင်္ဂလန်ဘဏ်က မတ် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက် စစ်တမ်းအရလည်း သိရပါတယ်။

သို့သော်လည်း အင်္ဂလန်ဘဏ်က ထုတ်ပြန် ခဲ့တဲ့ အချက်အလက်စစ်တမ်းက ကုမ္ပဏီအများစုဟာ သွင်းကုန်အပေါ် စည်းကြပ် ကောက်ခံတဲ့ အခွန်အကောက်များ၊ နယ်စပ်သဘောထား ကွဲလွဲမှုများ၊ ငွေကြေးလဲလှယ်နှုန်းထားများနဲ့ အသိအမှတ်ပြု သက်သေခံ လက်မှတ်များအပေါ် အကျိုးသက်ရောက်နိုင်မှုများအပေါ် ထိန်းချုပ်လို့ မရကြောင်း ဖော်ပြခဲ့ပါတယ်။

ကောက်ခွန် ကင်းလွတ်ခွင့်ရရှိ
ဖေဖော်ဝါရီလက အီးယူနိုင်ငံများနဲ့ ကုန်သွယ်မှုလုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း ၂၄၀ဝဝဝ မှာ ၄၀ဝဝဝ လောက်သာ လိုအပ်တဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိကြောင်း အစိုးရက ပြောပါတယ်။

ဗြိတိန်ဟာ အီးယူနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ကုန်သွယ်မှု လုပ်ဆောင်တဲ့နေရာမှာ တတိယနိုင်ငံဆိုင်ရာ အခြေအနေ အကြောင်းတရားတွေ ချွတ်ယွင်းကောင်း ချွတ်ယွင်းနိုင်ပါတယ်။ ဆိုလိုသည်မှာ အီးယူရဲ့ တတိယနိုင်ငံအတွက် စည်းကြပ်ကောက်ခံတဲ့ အခွန်အကောက်တွေဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းပဲရှိပြီး လျော့နည်းနေတဲ့ အချိန်မှာ ဗြိတိန်နဲ့ပြုလုပ်တဲ့ အချို့ကဏ္ဍတွေမှာ အထူးသဖြင့် ကားတင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံတဲ့ အခွန်အကောက်တွေဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိတာကို ပြောတာပါ။

ရသင့် ရထိုက်တဲ့အခွင့်အရေးတွေဆုံးရှုံး
ဗြိတိန်ဟာ အီးယူကုန်သွယ်ရေး သဘောတူညီချက် လွှမ်းခြုံထားတဲ့ ဈေးကွက်တွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘဲ ဆုံးရှုံးတာတွေ လည်းရှိနေပါတယ်။ သို့သော်လည်း ဗြိတိန်ဟာ ဆွစ်ဇာလန်နဲ့ အစ္စရေးနိုင်ငံတွေနဲ့တော့ ကုန်သွယ် မှုတွေ လုပ်သင့်သလောက်လုပ်တာကို တွေ့ရပါတယ်။ ထို့အတူ ဗြိတိန်ဟာ အမေရိကန် ပြည်ထောင်စု၊ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေနဲ့လည်း ကဏ္ဍအတော်များများမှာ အပြန်အလှန် နားလည်မှုတွေ ရှိနေပါတယ်။
အီးယူက အကောက်ခွန် စစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်မယ်လို့ ပြောပါတယ်။ ထို့အတူ အစားအသောက်လုံခြုံစိတ်ချရမှုနဲ့ ဗြိတိန်နယ်စပ်ကို အီးယူရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုတွေ ရှိအောင်လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်
ဗြိတိန်ဟာ လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ဖို့ ဆောင်ရွက်လျက်ရှိပြီး အခြားဆိပ်ကမ်း လမ်းကြောင်းတွေကတစ်ဆင့် ကွန်ရက်တွေ ပိုမိုရရှိအောင် လုပ်ဆောင်ကာ အင်္ဂလန်အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒိုဗာဆိပ်ကမ်းမြို့ရဲ့ စည်ကားမှုတွေကို အနည်းငယ်လျှော့ချဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ဗြိတိန်အစိုးရက အစားအသောက် ပြတ်လပ်သွား မှာတော့ မစိုးရိမ်ရပါဘူးလို့ ပြောပါတယ်။ သို့သော် လည်း အစားအသောက်ပိုင်းမှာ ရွေးချယ်မှုတွေ တော့ရှိလာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ ဘရီးဇစ် အရေးကြောင့် လူတွေ အစိုးရိမ်လွန်ကာ အစားအစာတွေကို စုပုံပြီး ဝယ်ယူလာမှာကိုတော့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ဗြိတိန်က တင်းမာမှုတွေ မြင့်တက်လာနိုင်တဲ့အတွက် အိုင်ယာလန်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသမှာ အလျင်စလို အကောက်ခွန်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာတော့ မဟုတ်ပါဘူး။ သို့သော်လည်း အီးယူက ကုန်စည်ဖြတ်သန်းစီးဆင်းတဲ့ လမ်းကြောင်းတွေကို စောင့်ကြည့်သွားဖို့ လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်။

စည်းကမ်းတွေ ပြန်လည်ပြဋ္ဌာန်း
ဗြိတိန်က အီးယူနဲ့ အပေးအယူမရှိဘဲ ဘရီးဇစ်အရေး ပြီးဆုံးခဲ့မယ်ဆိုပါက မြောက်အိုင်ယာလန်နဲ့ တချို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်ပြဋ္ဌာန်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံသား ၃ ဒသမ ၅ သန်း လောက်ဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်နေပါတယ်။ ကျန်တဲ့ ဗြိတိန်တစ်သန်းလောက်ဟာ အီးယူရဲ့ တခြားနေရာတွေမှာ နေထိုင်လျက် ရှိပါတယ်။ ဗြိတိန်နဲ့ တခြားအီးယူအဖွဲ့ဝင် နိုင်ငံတွေဟာ သူတို့ရဲ့ အခွင့်အရေး တွေကို ကာကွယ်နေကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ ကာလရှည်ကြာ နေထိုင်လာခဲ့တဲ့ အခြေအနေတွေကိုတော့ ဝန်ကြီးချုပ် ထရီဇာမေရဲ့ သဘောတူညီချက်မှာ ပြတ်ပြတ်သားသား သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အီးယူကိုသွားတဲ့ ဗြိတိန်တွေကို ရက် ၉၀ ကြာ နေထိုင်ခွင့် ကန့်သတ်ထားတာ တွေ့ရမှာဖြစ်ပြီးတော့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း တင်းကျပ်စွာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရက ဆေးဝါးကုမ္ပဏီတွေကို အီးယူမှ တင်သွင်းသည့်ဆေးဝါးများကို ဖြန့်ဖြူးခြင်းမရှိဘဲ တစ်လခွဲလောက် လက်ဝယ် ထားရှိဖို့ တိုက်တွန်းထားပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေကတော့ ဆေးဝါးတင်ပို့မှုဟာ ဦးစားပေးကိစ္စဖြစ်ကြောင်း ဆိုပါတယ်။

ဆင့်ပွားဈေးကွက်ကို ကာကွယ်
သို့သော်လည်း ဗြိတိန်နဲ့ အီးယူကြား တချို့ နေရာလေးတွေမှာ ယာယီ သဘောတူညီချက်လေးတွေတော့ ရှိပါတယ်။ အထူးသဖြင့် လန်ဒန်မှာအခြေစိုက်မယ့် ဆင့်ပွားဈေးကွက်ကို ကာကွယ်ရန် တစ်နှစ်သဘောတူညီချက်မျိုးတော့ ရှိပါတယ်။

အီးယူဟာ အင်္ဂလန်က လေကြောင်းလိုင်းတွေကို တခြားအီးယူ ၂၇ နိုင်ငံကို ၂၀၂၀ မတ်လအထိ ဆက်လက်ပျံသန်းခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင်ကားတွေကိုလည်း ဗြိတိန်ကို ဝင်ထွက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်ကြား ဥမင် လိုဏ်ခေါင်းကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ မြန်နှုန်းမြှင့် ရထားလိုင်းကိုလည်း သုံးလကြာတဲ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဗြိတိန်ဟာ အီးယူမှ သဘောတူညီချက်မရဘဲ ထွက်ခွာခဲ့မယ်ဆိုရင် ဖြစ်လာမယ့် အခြေအနေတွေပဲ ဖြစ်ပါတယ်။    ။
ကိုးကား - အေအက်ဖ်ပီ