ဆလိုင်းကိုကီး(M.A)
ချင်းပြည်နယ်၏အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်သည့် အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် ရှားပါးစွာတွေ့ရသော တောရိုင်းတိရစ္ဆာန်များထဲတွင်ပါဝင်ပြီး အများအားဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးရိုးမတောင်တန်းများနှင့် သစ်တောများ၌ တွေ့ရှိနိုင်သည်။
ကမ္ဘာပေါ်တွင် အောက်ချင်းငှက်များကို မြန်မာနိုင်ငံသာမက အာဖရိက၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှား နိုင်ငံတို့တွင်လည်း တွေ့ရှိနိုင်သည်။
မျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိ
ကမ္ဘာပေါ်တွင် အောက်ချင်းငှက် မျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် အောက်ချင်း၊ အောက်ချင်းလည်နီ၊ လည်ဖြူအောက်ချင်းညို၊ အောက်ချင်းညို၊ အောက်ချင်းမျက်ကွင်းဖြူ၊ အောက်ချင်းခေါင်းဖြူ၊ အောင်လောင်၊ အောက်ချင်းလည်ဝါ၊ ဂေါရင်၊ အောက်ချင်း မြီးရှည်စသည့် အောက်ချင်းငှက်မျိုး စိတ်ပေါင်း ၁၀ မျိုး ကျက်စားနေထိုင်လျက်ရှိပြီး အောက်ချင်း၊ အောင်လောင် နှင့်အောက်ချင်းမြီးရှည်ငှက်အမျိုးအစားမှာ အများဆုံးနေထိုင် ကျက်စားနေသည် ကိုတွေ့ရသည်။
အောက်ချင်းငှက်မျိုးစိတ်များသည် ချင်းပြည်နယ်အတွင်း နေထိုင်ကျက်စားကြပြီး အောက်ချင်းမြီးရှည် ငှက်မျိုးစိတ်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရသည်။ အောင်လောင်ငှက်ကိုမူ မြန်မာပြည်နေရာအချို့နှင့် ချင်းပြည်နယ်တို့တွင် အောက်ချင်းငှက် ဟုသာခေါ်ဆိုပြီး အခြားနေရာများတွင် အောင်လောင်ငှက်ဟု ခေါ်ဆိုကြသည်။
ချစ်ခြင်းမေတ္တာတရား ကြီးမား
အောက်ချင်းငှက်များသည် ဆောင်းအကုန်နွေအကူး ဇန်နဝါရီလမှဧပြီလအတွင်း ဥဥလေ့ ရှိတတ်ကြပြီး တစ်ကြိမ်လျှင် ဥတစ်လုံးမှ သုံးလုံးအထိ ဥတတ်ကြသည်။ ဥဝပ်ချိန်သည် တစ်လခွဲမျှ ကြာမြင့်လေ့ရှိပြီး ၃၈ ရက်မှ ရက် ၄၀ အတွင်း သားပေါက်ကြသည်။ သားပေါက်သည့်အချိန်တွင် အမနှင့် သားပေါက်လေးသည် ပိတ်ထားသည့် အသိုက်ပေါက်ကိုဖောက်၍ အောက်ချင်းငှက်အထီး ထံမှ အစာရရှိစေရန် ထပ်ကာထပ်ကာ အော်မြည်လေ့ရှိသည်။ အောက်ချင်းငှက် အထီးသည် ငါးလခန့်အထိ အမနှင့် သားငယ်ကို အစာကျွေးသည့်အပေါက်မှ အစာများကို အန်ကျွေးလေ့ရှိသည်။ သားပေါက်သောအခါ ဥဝပ်သည့်သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားတွင် အသိုက် လုပ်နေထိုင်လေ့ ရှိကြသည်။ အောက်ချင်းငှက်များ၏ ချစ်ခြင်းမေတ္တာတရား ကြီးမားမှုနှင့် သစ္စာရှိမှုတို့သည် လွန်စွာ လေးစားဖွယ် ကောင်းသော်လည်း ငှက်အထီးဖြစ်စေ၊ ငှက်အမဖြစ်စေ အသက်ဘေးအန္တရာယ် ကြုံတွေ့နေရသည်ကို တွေ့ရှိပါက မိမိကိုယ်ကို အဆုံးစီရင်လေ့ရှိသည်မှာ ရင်နင့်စရာ ကောင်းလှပါသည်။

မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထား
အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များ စာရင်းတွင် ပါဝင်ပြီး အောက်ချင်းငှက်များ သားပေါက်ရာ ဒေသများဖြစ်သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၄ ဒသမ ၈ ဧကကို မီအေပီတောင် အမျိုးသား ဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် ၁ဝ ရက်နေ့စတင်၍လည်းကောင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ ၂၈ ဧကကို ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် ၁၁ ရက် မှ စတင်၍ လည်းကောင်း၊ ထန်တလန် မြို့နယ်အတွင်းရှိ ဧရိယာ ၆၈၀၄ ဒသမ ၅၀ ဧကကို ကျီရီးယန်းတောင်အမျိုးသား ဥယျာဉ်အဖြစ် ၂၀၂၂ခုနှစ် ဩဂုတ် ၈ ရက် မှစတင်၍လည်းကောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်သည်။
ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များဖြစ်သည့် အောက်ချင်း၊ အောင်လောင်၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမဏီငှက်၊ မြန်မာတစ်ငှက်များ၊ အပင်မျိုးစိတ်များ၊ သစ်ခွမျိုးစိတ်များ တည်ရှိရာဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်များအတွင်းတည်ရှိသည့် ဝိတိုရိယ (ခေါ်) ခေါနူးစုမ် (ခေါ်) နတ်မတောင် (အကျယ် အဝန်း၁၇၆၂၀၂ ဧက) ကို ၁၉၆၃ ခုနှစ် တွင် ဘောလီမိုးကြိုးဝိုင်းအဖြစ် လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Im-portant Bird Area (IBA) အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ် အဖြစ်လည်းကောင်း အဆင့်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။ အရေးကြီးငှက်မျိုးစိတ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားရာဒေသ (IBA) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အန္တရာယ်နှင့် မျိုးသုဉ်းမှုအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသော ငှက်မျိုးစိတ် များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင်ကျက်စားကြပြီး စနစ်တကျ ထိန်းသိမ်းရန် လွန်စွာအရေးကြီးသည့် နေရာများဖြစ်သည်။
အောက်ချင်းမြီးရှည်ငှက် ထိန်းသိမ်းရေး
၂၀၁၉ ခုနှစ်တွင် သစ်တောဦးစီးဌာန ၏လမ်းညွှန်မှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA)ကဦးဆောင်၍ အောက်ချင်းမြီးရှည်ငှက် ထိန်းသိမ်းရေးစီမံကိန်း လုပ်ငန်းများအတွက် သုတေသနပြုဆောင်ရွက်ရာ တနင်္သာရီတိုင်းဒေသကြီးတောင်ဘက်ပိုင်းရှိ သစ်တောကြိုးဝိုင်းများသည် အောက်ချင်းမြီးရှည်ငှက် နေထိုင် ကျက်စားရာ အဓိကနေရာများအဖြစ် လေ့လာမှတ်တမ်းတင်နိုင်ခဲ့သည်။
အဓိကအားဖြင့် အောက်ချင်းငှက်များ မျိုးသုဉ်းပျောက်ကွယ်လာရခြင်း အကြောင်းရင်းမှာ ဒေသတွင်းရှိ ငှက်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ သစ်တောများပြုန်းတီးလာမှုနှင့် ဒေသအလိုက် သဘာဝသားကောင်များ၊ သဘာဝသစ်တောများကို ထိန်းသိမ်းမှု အားနည်းခြင်း တို့ကြောင့်ဖြစ်ရာ အောက်ချင်းငှက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိရေး ဒေသခံပြည်သူ များအားလုံး လက်တွဲညီညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှသာ အောက်ချင်း ငှက်များ လွတ်လပ်စွာ ရှင်သန်ခွင့်ရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြပေးလိုက်ရပါသည်။