မိုးမိတ်    ဇူလိုင်   ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန်ရည်ရွယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းပေါ်၌ ကျောက်ရိုးစီသံဘောင်ယက္မသစ်ခင်းတံတားတည်ဆောက်နေမှု အခြေအနေများကို ဇူလိုင် ၁၃ ရက်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်း၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီမှတာဝန်ရှိ သူများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ သစ်ဆိမ့်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကျောက်ရိုးစီသံဘောင်ယက္မသစ်ခင်းတံတားတည်ဆောက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းပြည်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

အဆိုပါကျေးရွာ ကျောက်ရိုးစီသံဘောင်ယက္မသစ်ခင်းတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၃၉ ဒသမ ၆ သန်းဖြင့် အလျားပေ၄၀၊ အကျယ်၁၄ပေ၊ အမြင့် ၁၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက် ပြီးစီးပါကအဆိုပါကျေးရွာရှိ အိမ်ခြေ ၂၆၈ အိမ်၊ လူဦးရေ ၁၁၇၂ ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ၄၂၀ ဧကကျော် အကျိုးပြုမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းကပြောသည်။

စိုးမိုးကျော်

mdn