သစ်ကို ပန်းပုရုပ်များ ထုဆစ်၍ ပြည်ပသို့ တင်ပို့ရန် ပိုမိုဖြေလျော့ပေးပါက လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ လူမှုဘဝ ပိုမိုတိုးတက်စေမည်

mdn

မန္တလေး ၃ ဧပြီ

 

မြန်မာ့ထွက်ကုန် သစ်များကို ပန်းပုရုပ်များ ထုဆစ်၍ ပြည်ပပို့ကုန်အဖြစ် နိုင်ငံတော် အစိုးရမှ ဖြေလျော့မှုများ ပိုမိုခွင့်ပြုပေးပါက လုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ လူမှုဘဝကို ပိုမိုတိုးတက် စေမည့်အပြင် နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးရဲမင်းသူက ပြောသည်။

 

လက်ရှိတွင် သစ်ဖြင့် ထုဆစ်ထားသည့် ပန်းပုရုပ်များ ပြည်ပသို့ တင်ပို့ခွင့်ကို လက်ဆောင်ပစ္စည်း အဖြစ် ဒေါ်လာ ငါးရာဖိုး အထိသာ ဝယ်ယူသယ်ဆောင် သွားနိုင်သည့် ဖြေလျော့မှုကို လုပ်ဆောင်ပေးထားပြီး ယခုထက် ပိုမိုသော ဖြေလျော့မှုများကို ခွင့်ပြုပေးရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တင်ပြသွားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

 

“သစ်အလုံးလိုက် ပြည်ပပို့တာထက် သစ်ကို ပန်းပုရုပ်အဖြစ် ထုဆစ်ပြီး ပြည်ပပို့တာက နိုင်ငံခြားဝင်ငွေ ပိုရမယ်။ ပြီးခဲ့တဲ့လက ပုဂံ၊ ညောင်ဦးကိုလာတဲ့ နိုင်ငံခြားသား တစ်ယောက်က အဲ့ဒီမှာရောင်းချတဲ့ ဆင်ရုပ်တွေကို သဘောကျလို့ အများကြီး ဝယ်ယူချင်တယ်။ ဒါပေမယ့် သူ့နိုင်ငံကို ဝယ်ယူတင်သွင်းဖို့အတွက် ဥပဒေအရ ခွင့်မပြုထားဘူး။ ဒီလို တင်ပို့ခွင့် မရတဲ့အခါ လုပ်ငန်းရှင်အတွက်လည်း ဆုံးရှုံးတယ်။ ပညာရှင်အတွက်လည်း ဆုံးရှုံးတဲ့အပြင် နိုင်ငံတော်က ရရှိမယ့် အခွန်ဘဏ္ဍာတွေလည်း ဆုံးရှုံးတယ်။ ပန်းပုထုတဲ့ သစ်ဆိုတာ လမ်းဘေးသစ်တွေ များပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ နိုင်ငံရဲ့ အမှိုက်ပါ။ အမှိုက်ကနေ ရွှေဖြစ်မယ့် ကိစ္စတွေမှာ ဝန်ကြီးဌာနတွေကို ဖြေလျော့ပေးဖို့ တင်ပြသွားမယ်။” ဟု ၎င်းက ပြောသည်။

 

ပန်းပုရုပ်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ပါက နိုင်ငံ၏ ယဉ်ကျေးမှု အနုပညာပုံရိပ်ကို ကမ္ဘာသို့ ပိုမိုပျံ့နှံနိုင်စေပြီး ပြည်တွင်း ပန်းပုလုပ်ငန်း၏ ဈေးကွက်ကို အထောက်အကူ ပြုစေမည်ဖြစ်သော်လည်း လက်ရှိတွင် တင်ပို့ခွင့် မရှိခြင်းကြောင့် ပြည်တွင်း ပန်းပုပညာရှင်များ အလုပ်အကိုင် ရှားပါးခြင်း၊ တိမ်မြုပ် ပျောက်ကွယ်ခြင်းနှင့် မျိုးဆက်သစ် လူငယ်များ စိတ်ဝင်စားမှု မရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

 

“အရင်က မန္တလေးမြို့ရဲ့ တမ္ပဝတီ အရပ်မှာ ပန်းပုဆရာတွေက အလုပ်နဲ့ လက်နဲ့မပြတ်အောင် ပန်းပုဈေးကွက် ကောင်းခဲ့တယ်။ အခု ပန်းပုဆရာ တော်တော်များများက ဆိုက်ကယ် တက္ကစီ မောင်းသမားနဲ့ မြင်းလှည်းဆရာတွေ ဘဝကို ရောက်နေကြတယ်။ သူတို့အလုပ်မဖြစ်တော့ သူတို့ သားသမီးတွေကလည်း ဒီလုပ်ငန်းကို စိတ်ဝင်စားမှု မရှိကြတော့ဘူး။ ကြာရင် ဒီပညာရပ်က တိမ်မြုပ်ပျောက်ကွယ်သွားတော့မယ်။” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

လက်ရှိတွင် နိုင်ငံတော် အစိုးရမှ သစ်လုပ်ငန်းရှင်များအတွက် ဖြေလျော့မှုများ အနေဖြင့် ယခင်လိုင်စင် သက်တမ်း သတ်မှတ်ချက်ကို တစ်နှစ်မှ ငါးနှစ်အထိ တိုးမြှင့်ခွင့်ပြုထားသည့်အပြင် ပန်းပုရုပ်ထုများကို နိုင်ငံခြား သယ်ယူခွင့်အနေဖြင့် သမဝါယမဆိုင်များတွင် ဝယ်ယူပါက ဒေါ်လာတစ်ထောင်ဖိုးနှင့် အခြားအရောင်းဆိုင်များမှ ဒေါ်လာငါးရာဖိုးအထိ လွတ်လပ်စွာ ဝယ်ယူသယ်ဆောင်ခွင့် ပြုပေးထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)