နေပြည်တော် ဖေဖော်ဝါရီ ၁၄

 

မဲခေါင်ဒေသ၊ မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်း သရုပ်ပြစီမံကိန်း၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် သစ်မျိုးစုံဥယျာဉ် အဝင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန သစ်မျိုးစုံဥယျာဉ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သစ်မျိုးစုံဥယျာဉ် အဝင်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသစ်မျိုးစုံ ဥယျာဉ်သည် သစ်တောသစ်ပင်ဂေဟစနစ်နှင့် မျိုးရိုးဗီဇထိန်းသိမ်းရန်၊ သုတေသနစမ်းသပ်ခြင်းများ ပြုလုပ်ရန်၊ ပြည်သူလူထု အပန်းဖြေအနားယူရန်နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။

 

ယနေ့ခေတ် နိုင်ငံတကာတွင် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ မြှင့်တင်ရန်အတွက် ပြည်သူလူထု အသိပညာပေးခြင်း လုပ်ငန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လာကြကြောင်း၊ ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း၊ သစ်တောကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်းနှင့် သစ်မျိုးစုံဥယျာဉ် တည်ထောင်ခြင်းလုပ်ငန်းများသည် ပြည်သူတို့ကို သဘာဝနှင့် နီးစပ်စေပြီး သစ်တောသစ်ပင်ကို ချစ်မြတ်နိုးစိတ်၊ ဂရုစိုက်လိုစိတ်များကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့အနေဖြင့် နောင်အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ သန့်ရှင်းကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း အမွေကောင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်မျိုးစုံဥယျာဉ်အတွင်း အအေးပိုင်းဒေသ သစ်တောသစ်ပင်၊ အလှပင်နှင့် ပင်ပျော့ပင် ၇၂ မျိုးအား ရေငွေ့ထိန်းခန်းတွင်ထားရှိမှု အခြေအနေနှင့် ပညာပေးပြခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပညာပေးပြခန်းအတွင်းပိုင်း ပြင်ဆင်ခြင်းနှင့် ဇုန်အလိုက်မြေယာ ရှုခင်းအလှများ မွမ်းမံခြင်းတို့နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ သစ်မျိုးစုံဥယျာဉ်သည် ၆၄ ဧက ကျယ်ဝန်းသည့် အင်တိုင်းတောအမျိုးအစားကို အခြေခံထိန်းသိမ်းထားသည့် ဥယျာဉ်တစ်ခုဖြစ်ပြီး အပင်မျိုးရင်း ၄၀၊ မျိုးစိတ် ၁၃၁ မျိုး ပေါက်ရောက်နေပြီး ဇုန် ၈ ဇုန်ဖြင့် ဇုန်အလိုက် မျိုးဆက်ပင်များပြုစုခြင်း၊ ဝါးပင်၊ သစ်တောသစ်ပင်၊ အလှပင်နှင့် အသီးပင်များ စိုက်ပျိုးခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်