နေပြည်တော် မတ် ၁၀
သစ်တောဦးစီးဌာနနှင့် အာရှနှင့် ပစိဖိတ်ဆိုင်ရာ သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ ကွန်ယက်အဖွဲ့ - APFNet တို့ပူးပေါင်း၍ “မဲခေါင်ဒေသ(မြန်မာနိုင်ငံ)တွင် သစ်တောဂေဟစနစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း” ၏ သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန ရေဆင်း၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)မှ ပါမောက္ခချုပ်များ၊ APFNet အတွင်းရေးမှူးရုံးမှ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ စီမံကိန်း ဧရိယာမှဒေသခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် APFNet အတွင်းရေးမှူးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပညာပေးပြခန်းအတွင်း ပြသထားသော သစ် မျိုးစုံဥယျာဉ်ပုံစံငယ်၊ သစ်တောသစ်ပင်များ၏ သစ်မျိုးစေ့ပုံသဏ္ဌာန်များ၊ အရွက်သဏ္ဌာန်များ၊ သစ်မျိုးများ၏ အကာနှင့်အနှစ်သား ကွာခြားမှုပြကွက်များကို လည်းကောင်း၊ ရေငွေ့ထိန်းခန်းအ တွင်း အအေးပိုင်းဒေသ သစ်တောသစ်ပင်၊ အလှပင်၊ သစ်ခွနက်နှင့် ပင်ပျော့ပင် ၇၅ မျိုး ထိန်းသိမ်း ထားရှိမှုကို လည်းကောင်း၊ သစ်မျိုးစုံဥယျာဉ်အတွင်း အပင်မျိုးရင်း ၄၀ ၊ မျိုးစိတ် ၁၃၁ မျိုးကို ဇုန် ၈ ဇုန်ဖြင့် ဇုန်အလိုက် မျိုးဆက်ပင်များပြုစုခြင်း၊ ဝါးပင်၊ သစ်တောသစ်ပင်၊ အလှပင်နှင့် အသီးပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သစ်မျိုးစုံဥယျာဉ်နှင့် စီမံကိန်းဧရိယာကျေးရွာများရှိ သီးနှံသစ်တော ရော နှောစိုက်ခင်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သင့်သော အချက်အလက်များနှင့် ရေရှည် တည်တံ့အောင် လုပ်ဆောင်သင့်သော အစီအမံများကို အုပ်စုဖွဲ့ဆွေးနွေးပြီး ရလဒ်များကို ပြန် လည်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်