မြဦးမောင်

 

သစ်တောသယံဇာတများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက   နိုင်ငံတစ်ဝန်း ရေမြေသဘာဝ တိုးတက်ကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးအတွက် အရေးပါသော သဘာဝအရင်း အမြစ်များဖြစ်သည်။ ပညာရှင်များ၏အဆိုအရ သစ်တောသစ်ပင်များသည်  လွန်ခဲ့သော နှစ်သန်း ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ကမ္ဘာတည်ဦး ကာလမှစ၍ သက်ရှိဇီဝရုပ်များနှင့်အတူ အပြန် အလှန်အကျိုးပြုပြီး ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြောင်း တွေ့ရသည်။ ယေဘုယျအားဖြင့် သစ်ပင်များသည် လူသားအပါအဝင် သက်ရှိသတ္တဝါများအတွက် အစာအာဟာရအခြေခံအဖြစ်လည်းကောင်း၊ ထိုသက်ရှိသတ္တဝါများ အသက်ရှင်သန်နေစဉ် စွန့်ပစ်သည့် အညစ်အကြေးများနှင့် သေဆုံးပြီးနောက် ကျန်ရှိသည့် ဇီဝရုပ်ကြွင်းများသည်သစ်ပင်အတွက် အစာအာဟာရ အဖြစ်လည်းကောင်း အပြန်အလှန် အမှီသဟဲပြုကြသည်။ သစ်ပင်များ အားလုံးနီးပါးသည် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး လေထဲသို့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်သည်။ အပြန်အလှန်အားဖြင့် လူသား အပါအဝင် သက်ရှိများမှာ လေထဲမှအောက်ဆီဂျင်ကိုရယူပြီး လေထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်သည်။ ဤကား သစ်တောသစ်ပင်များနှင့် သက်ရှိသတ္တဝါတို့အကြား အပြန်အလှန် အကျိုးပြုမှုကို လေ့လာတွေ့ရှိရသော အထင်ရှားဆုံးနှင့် အရေးပါဆုံး သာဓကပင်တည်း။

 

အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ကြ

 

အကယ်စင်စစ် သစ်ပင်သစ်တောများက မြေကမ္ဘာနှင့် လူသားအပါအဝင် သက်ရှိသတ္တဝါများအပေါ် အကျိုးပြုမှုကား အလွန်တရာ များပြားလှသည်။ သို့စေကာမူ လူသားများသည် သစ်ပင်သစ်တောများ၏ ကျေးဇူးတရားကို အလေးဂရုမထားဘဲ သစ်တောသယံဇာတများကို မိမိတို့အကျိုးစီးပွားအတွက် အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ကြသည်။ ၁၉ ရာစုနှောင်းပိုင်း ကာလခန့်မှသာ ကမ္ဘာအဝှမ်း သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို သတိပြုမိလာကြပြီး ယင်းသို့ ယိုယွင်းပျက်စီးမှုများသည် သစ်တောပြုန်းတီးမှုများနှင့် ဆက်စပ်နေကြောင်း သိရှိလာခဲ့ကြသည်။ ယင်းသို့ သိရှိလာပြီး နောက်ပိုင်းတွင် သစ်တောသယံဇာတများထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကို အလေးထား ဆောင်ရွက်လာခဲ့ကြသည်။

 

သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်ရာတွင် သစ်တောများ ပြန်လည်ပြုစုတည်ထောင်ခြင်း၊ သစ်တောသယံဇာတများအား အကန့်အသတ်ဖြင့် ထိန်းသိမ်းထုတ်ယူခြင်း၊ ယင်းသို့ထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေရေး အတွက် ကောင်းမွန်သော လုပ်ငန်းစဉ်များ ချမှတ် ကျင့်သုံးခြင်းတို့သည် အရေးပါသော ဆောင်ရွက်ချက်များဖြစ်သည်။ တစ်နည်းအားဖြင့် အဆိုပါ ဆောင်ရွက်ချက်များသည် သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရေးအတွက်သာမက အစဉ် သဖြင့် တိုးတက်ဖွံ့ဖြိုးများပြားလာစေပြီး အနာဂတ် မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်အမွေ ကောင်းကို ဖန်တီးပေးခြင်းဖြစ်သည်။

 

သစ်တောများ ပျက်စီးပြုန်းတီးရသောအကြောင်းရင်း

 

တစ်ဖက်တွင် သစ်တောသယံဇာတများ တိုးတက်ဖွံ့ဖြိုးများပြားပြီး ရေရှည်တည်တံ့စေရေး ဆောင်ရွက်သည့်နည်းတူ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲခြင်းဟူသော အခြားတစ်ဖက်တွင် လည်း သစ်တောများက ပေးစွမ်းနိုင်သည့် ပမာဏ အတွင်း ထိန်းသိမ်းထုတ်ယူခြင်း၊ အလေအလွင့် မရှိအောင် ထုတ်လုပ်သုံးစွဲခြင်းတို့ကို အလေးထား ဆောင်ရွက်ကြရန် သတိမူအပ်ပေသည်။ သစ်တော များအတွင်းမှ ထုတ်ယူသုံးစွဲသော သယံဇာတအများ အပြားရှိသည့်အနက် လူတို့၏ နေရေးလိုအပ်ချက်ကို ဖြည့်ဆည်းမှုအခြေခံမှာ သစ်ထုတ်ယူခြင်းဖြစ်ပြီး ယင်းသည် သစ်တောများ ပျက်စီးပြုန်းတီးရသော အကြောင်းရင်းများတွင် အဓိကပါဝင်သောအချက် ဖြစ်သည်။ ယခုအခါ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ သစ်တောသယံဇာတများအား ထိရောက်စွာအသုံးချ ခြင်းတို့အတွက် ကမ္ဘာတစ်ဝန်း အထူးအလေး ထား၍ ဆောင်ရွက်လျက်ရှိပေသည်။

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နိုင်ငံအကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက သင့်တင့် လျောက်ပတ်သော သစ်တောသယံဇာတအရင်း အမြစ်များကို ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ FRA 2000 အရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာအနေဖြင့် နိုင်ငံအကျယ်အဝန်း၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ဖုံးလွှမ်းလျက်ရှိပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေကို ဖန်တီးပေးခြင်း၊ မြေနှင့် ရေသယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်း ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ် တည်ငြိမ်စေခြင်း စသည့်အကျိုးကျေးဇူး များကို အထောက်အကူပေးလျက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် နိုင်ငံအတွက် အရေးပါသော သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး ရည်မှန်းချက်ဖြင့် မူဝါဒများချမှတ်ပြီး ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ကုန်ကြမ်းပမာဏနည်းနည်းဖြင့် တန်ဖိုးပိုမိုရရှိ စေမည့် သစ်အခြေခံထုတ်ကုန်များ ဦးတည်ထုတ်လုပ်

 

ယင်းသို့ ဆောင်ရွက်ရာတွင် သစ်တောသယံ ဇာတများအား တောထွက်ခွင့်ပြုပမာဏအတွင်း ထုတ်ယူသုံးစွဲခြင်း၊ သစ်ထုတ်လုပ်မှုကို နှစ်ကာလ အကန့်အသတ်ဖြင့် ရပ်နားခြင်းတို့ကို အထူးအလေး ထား ဆောင်ရွက်ခဲ့ပါသည်။ သစ်ထုတ်လုပ်မှုပမာဏ လျော့နည်းလာခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုများလည်း လျော့နည်းကျဆင်းလာခဲ့ပါသည်။ သစ်ကုန်ကြမ်းရရှိနိုင်မှု လျော့နည်းလာခြင်း ကြောင့် တောတွင်းမှထုတ်လုပ်ရရှိသော သစ်ကုန် ကြမ်းများအား ထိရောက်စွာအသုံးချပြီး တန်ဖိုးမြင့် သစ်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန် အထူး အရေးကြီးလာခဲ့ပါသည်။ တစ်နည်းအားဖြင့် ကုန်ကြမ်းပမာဏနည်းနည်းဖြင့် တန်ဖိုးပိုမိုရရှိ စေမည့် သစ်အခြေခံထုတ်ကုန်များ ဦးတည် ထုတ်လုပ်၍ သစ်တောသယံဇာတများ ထိန်းသိမ်းရာ ရောက်ပြီး သစ်အသုံးချမှုလိုအပ်ချက်ကိုလည်း ပုံမှန်ဖြည့်ဆည်းပေးနိုင်ရန် ဦးတည်ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် သစ်တောသယံဇာတများ ပြုန်းတီးလျော့နည်းမှုကို တားဆီးကာကွယ်ရန် ရည်ရွယ်၍ သစ်ထုတ်လုပ်မှုပမာဏကို နှစ်စဉ် တောထွက်ခွင့်ပြုပမာဏအောက်သို့ လျှော့ချခြင်း၊ ၂၀၁၄ ခုနှစ်မှစ၍ သစ်အလုံးလိုက်တင်ပို့မှုကို တားမြစ်ခြင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း တစ်ပြည် လုံး သစ်ထုတ်လုပ်မှုရပ်နားခြင်း၊ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်မှုကို ဆယ်နှစ် ရပ်နားခြင်း၊ သစ်တော စိုက်ခင်းများ ထိရောက်စွာထူထောင်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများ အထူးကုန်စည်ခွန် ကျခံစေခြင်း စသည့်အစီအမံများကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ချက်များ သည် သစ်တောသယံဇာတများ ထိန်းသိမ်းရေး ဦးတည်မျှော်မှန်းသကဲ့သို့ သစ်ကုန်ကြမ်းများအား ထိရောက်အကျိုးရှိစွာသုံးစွဲပြီး တန်ဖိုးတိုးမြှင့်ရရှိရေး ကိုလည်း ရည်ရွယ်ချက်ထားရှိကြောင်း တွေ့ရမည် ဖြစ်ပါသည်။

 

နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းတည်ထောင်

 

မြန်မာ့သစ်တောများအတွင်းမှ သစ်ထုတ်လုပ် ရောင်းချမှုလုပ်ငန်းကို လွတ်လပ်ရေးမရမီ နယ်ချဲ့ အင်္ဂလိပ် လက်ထက်မှစ၍ စီးပွားဖြစ် တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံပိုင်သစ်တောသယံဇာတ အရင်းအမြစ်များကို နိုင်ငံတော်ကသာ ထိရောက်စွာ စီမံခန့်ခွဲ လုပ်ကိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့သည် ကျွန်းသစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းကို လုပ်ကိုင်ပြီး ကျွန်းမှအပ အခြားသစ်မာများကို ပြည်တွင်းလုပ်ငန်း ရှင်များသို့ ထုတ်လုပ်ခွင့်ပေးခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပုဂ္ဂလိကသစ်မာလုပ်ငန်းများမှန်သမျှကို ခွင့်မပြု တော့ဘဲ ၁၉၆၃ ခုနှစ်မှစ၍ သစ်ထုတ်လုပ်၊ သယ်ယူ၊ ရောင်းချမှုလုပ်ငန်းကို နိုင်ငံတော်ကသာ စီမံဆောင်ရွက်ခဲ့ပြီး အဖွဲ့အမည်ကိုလည်း သစ်လုပ်ငန်း ကော်ပိုရေးရှင်းဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့ပါသည်။

 

သစ်လုပ်ငန်းကော်ပိုရေးရှင်းလက်ထက်တွင် ကျွန်း၊ သစ်မာထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခွဲစိတ်ခြင်း၊ သစ်လုံး/သစ်ခွဲသားများအား ပြည်တွင်း ပြည်ပ ဖြန့်ဖြူးတင်ပို့ရောင်းချခြင်းတို့ကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယင်းကာလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှဘဏ် စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ ဖြင့် သစ်တော၊ သစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ သစ်အခြေခံစက်မှုလုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ခဲ့ပြီး သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးတလည် ဆောင်ရွက်ခဲ့ပါသည်။

 

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏ စီးပွားရေးစနစ်အား ဈေးကွက်ကို အခြေခံသော စီးပွားရေးစနစ် (Market Oriented Economy) သို့ ပြောင်းလဲကျင့်သုံးခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုကို ခွင့်ပြုခဲ့ပါသည်။ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့သော ပုဂ္ဂလိက သစ်အခြေခံစက်မှု လုပ်ငန်းများသည် သစ်ကုန်ကြမ်းများကို မြန်မာ့ သစ်လုပ်ငန်းက ဝယ်ယူပြီး သစ်ခွဲသားမှစ၍ အချော ထည်အဆင့်ဆင့် ခွဲစိတ်ထုတ်လုပ်ရောင်းချခြင်းကို ဆောင်ရွက်ပါသည်။ မြန်မာ့သစ်လုပ်ငန်းသည် တောတွင်းသစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပြီး ထုတ်လုပ်ရရှိသော သစ်ကုန်ကြမ်းများအား ပြည်တွင်းသစ်အခြေခံ စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ နိုင်ငံတော်စီမံကိန်းများ အတွက် လိုအပ်သည့် သစ်ခွဲသားများ ခွဲစိတ် ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

 

၂-၉-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများဖြစ်သည့် ရေကြီးရေလျှံမှု၊ မိုးခေါင်မှုဒဏ်ကို ခံစားရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဥပမာအားဖြင့် ကြိုးဝိုင်း သစ်တောများ၊ သဘာဝသစ်တောများထိန်းသိမ်းခြင်းကို အလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် “ထင်းမီးသွေးကို သတ်မှတ်ထားသည့်စနစ်အတိုင်း ထုတ်ပေးရန် လိုကြောင်း၊ သစ်မှထွက်သည့် ဘေးထွက်ပစ္စည်းများ၊ သစ်စက်မှ ထွက်သော ဘေးထွက်ပစ္စည်းများကို အကုန်အသုံးပြုနိုင်ပါက ပိုကောင်းကြောင်း၊ ပကာသားများ၊ လွှစာများကို နည်းပညာအသုံးပြု၍ ထုတ်လုပ်နိုင်ပါက ပိုကောင်းကြောင်း၊ တရားဝင် သစ်စက်များတွင် ဘေးထွက်ပစ္စည်းများကို အကျိုး ရှိစွာ အသုံးချနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာန၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၊ ပြည်သူ လူထုတို့က အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါအရာများ တန်ဖိုးရှိလာလိမ့်မည်ဖြစ်ကြောင်း” လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

 

အပိုတန်ဖိုးအဖြစ်ရရှိ

 

သစ်ကုန်ကြမ်းများကို အသုံးပြု၍ လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရာတွင် အခြေခံ အကျဆုံးထုတ်ကုန်မှာ သစ်ခွဲသားဖြစ်ပါသည်။ ရှေးအခါက တောတွင်းမှ ခုတ်လှဲထုတ်လုပ်ရရှိသော သစ်လုံးကုန်ကြမ်းများအား လက်အားဖြင့် ဖြစ်စေ၊ စက်အားဖြင့်ဖြစ်စေ ခွဲစိတ်ဖြတ်တောက်ပြီး လူသား တို့၏ နေရေးလိုအပ်ချက် ဖြည့်ဆည်းရန် သစ်ခွဲသား အရွယ်အစားအမျိုးမျိုးကို ထုတ်လုပ်အသုံးပြုခဲ့ကြပါသည်။ ယင်းသို့ ခွဲစိတ်ထုတ်လုပ်ရာတွင် အသုံးပြု ကုန်ကြမ်းပမာဏအပေါ်မူတည်၍ သစ်ခွဲသား ပမာဏအများဆုံးရရှိအောင် ဦးတည်ဆောင်ရွက် ကြပါသည်။ အဆောက်အအုံသုံး အရွယ်အစားများကို ဦးတည်ခွဲစိတ်ထုတ်လုပ်ကြပြီး သစ်ကုန်ကြမ်း၏ ကျန်အစိတ်အပိုင်းများ (Milling Residues)ကို လောင်စာနှင့် အခြားနေရာများတွင် အသုံးပြုကြပါသည်။ သစ်ခွဲသားများ၏ တန်ဖိုးတွက်ချက်ရာတွင် အသုံးပြုကုန်ကြမ်း တန်ဖိုးအပေါ်အခြေခံ၍ ခွဲသားထွက်ရှိမှုရာခိုင်နှုန်းအရ တန်ဖိုးသင့်တွက်ချက်ခြင်း၊ ခွဲစိတ်ထုတ်လုပ်ခစရိတ် ထပ်ပေါင်းခြင်းတို့ ကြောင့် သစ်ခွဲသား၏ တန်ဖိုးတွင် ကုန်ကြမ်းတန်ဖိုး အားလုံးပါဝင်ပြီးဟု ယူဆနိုင်သဖြင့် ဘေးထွက် ပစ္စည်းများ၏တန်ဖိုးမှာ အပိုတန်ဖိုး (Surplus Value) အဖြစ် ရရှိခြင်းဖြစ်ပါသည်။

 

လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သစ်အသုံးချမှုပုံစံများ ပိုမိုဖွံ့ဖြိုးတိုးတက် လာခြင်း၊ အဖိုးတန် သစ်သယံဇာတများအား အကျိုးအရှိဆုံး အသုံးချပြီး သစ်တောထိန်းသိမ်းကာကွယ်ရေး ဦးတည်လာခြင်း၊ ဘေးထွက်ပစ္စည်းများအား တန်ဖိုးမြှင့်တင်ပေးခြင်းဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှုအခွင့်အလမ်းများ ပိုမိုလာခြင်း စသည့် အကျိုးတရားများကို ဦးတည်မျှော်မှန်းဆောင်ရွက်ခဲ့ကြပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဘေးထွက်ပစ္စည်းများအား အကုန်လုံးအသုံးချနိုင်ရေးသည် သစ်တောသယံ ဇာတမှ တန်ဖိုးအများဆုံးရရှိရေးအတွက် မှန်ကန် ကောင်းမွန်သော ဦးတည်ချက်ဖြစ်ပါသည်။

 

သစ်လောင်စာတောင့်ထုတ်လုပ်ခြင်းကို စမ်းသပ်ဆောင်ရွက်

 

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ သစ်စက်၊ သစ်အခြေခံ စက်ရုံများမှထွက်ရှိသော ဘေးထွက်ပစ္စည်းများကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်ခဲ့ရာ ကနဦးအစီအစဉ်အဖြစ် သစ်ပါးလွှာ (Veneer) ထုတ်လုပ်ရာမှ ထွက်ရှိသော သစ်ပါးလွှာ ဘေးထွက်များမှ သစ်လောင်စာ တောင့် (Wood Pellet) ထုတ်လုပ်ခြင်းကို စမ်းသပ် ဆောင်ရွက်ခဲ့ပါသည်။

 

Wood Pellet ဆိုသည်မှာ သစ်သားကို အချင်း ငါး မီလီမီတာ၊ အရှည် ငါး မီလီမီတာအရွယ်ထိ သစ်သားစဖတ် (Wood Flakes)များအဖြစ် ကြိတ်ခြေ ထုခွဲပြီး ရေငွေ့ပါဝင်မှု ၇ ဒသမ ၈ ရာခိုင်နှုန်း အခြောက်ခံ၍ စက်ဖြင့် ဖိညှစ်ထားသော လောင်စာ တောင့်ဖြစ်ပါသည်။ မည်သည့်သစ်ကုန်ကြမ်း အမျိုးအစားအရွယ်အစားကိုမဆို သုံးစွဲနိုင်ပါသည်။ သစ်ပျော့သစ်မျိုးများကို ပိုမိုနှစ်သက်ကြပြီး သစ်ပျော့သစ်မာ ရောနှော၍လည်း အသုံးပြုကြပါသည်။ Wood Pellet ထုတ်လုပ်မှု နည်းစဉ်အရ သစ်ကုန်ကြမ်းများအား သေးငယ်သော အရွယ် အစားဖြစ်အောင် ကြိတ်ခြေထုခွဲ (Defibrate) ပြုလုပ်၍ ယင်းတို့ကို ဖိအားဖြင့် ကျစ်လျစ်စေပြီး အတောင့်ဖြစ်အောင် ညှစ်ထုတ်ခြင်းဖြစ်ပါသည်။ ယင်းသို့ အပူဖြင့် ဖိညှစ်စဉ် ပြိုကွဲနေသော သစ်စ သစ်မျှင်များအတွင်းရှိ လစ်ဂနင် (Lignin) ဒြပ်ပေါင်းများအချင်းချင်း အပူကြောင့် ပေါင်းစည်းကာ သစ်စသစ်မျှင်များကို ကော်အဖြစ် တွဲစပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Wood Pellet ထုတ်လုပ်မှု တွင် ကော်သုံးစွဲရန် မလိုအပ်ပါ။

 

Wood Pellet သည် သာမန်ထင်းတုံး (Wood Logs) နှင့် သစ်အတိုအစ (Wood Chip) တို့ထက် အပူစွမ်းရည် (Thermal Efficiency) ပိုမိုကောင်းမွန် ပြီး အသုံးပြုရာတွင် ပိုမိုလွယ်ကူ အဆင်ပြေကြောင်း လေ့လာတွေ့ရှိရပါသည်။ ဈေးကွက်အနေဖြင့် စက်မှု လုပ်ငန်းများသာမက အိမ်ထောင်စုသုံး (Household Use) အတွက်ပါ ဝယ်လိုအားရှိပါသည်။ WoodPelletကို အသင့်သုံးနိုင်အောင် ရည်ရွယ်၍ (Freestanding stoves, Fireplace inserts, Furnace with pellet fuel burner)များကို ဈေးကွက်အတွင်းတွင်ကျယ်စွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသဖြင့် သုံးစွဲမှု ပိုမိုမြင့်မားပြီး ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား တိုးတက်ကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။

 

mdn

 

Wood Pellet နှင့် ကျောက်မီးသွေးရောပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်

 

ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် Wood Pellet သုံးစွဲမှု ပမာဏမြင့်မားလျက်ရှိကြောင်း၊ နယ်သာလန်ကဲ့သို့ ဥရောပနိုင်ငံများတွင် Wood Pellet နှင့် ကျောက်မီး သွေးရောပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သုံးစွဲကြောင်း သိရှိရပါသည်။ လက်ရှိအခြေအနေအရ ဆွီဒင်နိုင်ငံသည် နှစ်စဉ်အလေးချိန် မက်ထရစ်တန် တစ်သန်းနီးပါးဖြင့် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု အများဆုံးဖြစ်ပါသည်။ ယင်းအပြင် ပြည်ပမှ တန်ချိန် နှစ်သိန်းနီးပါး တင်သွင်းကြောင်း ပြည်ပ သို့လည်း တန် ၆၀၀၀၀ ခန့် တင်ပို့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

 

Wood Pellet သည် အခြားလောင်စာများထက် လောင်ကျွမ်းမှု ပိုမိုအားကောင်းခြင်း၊ GHG ထွက်ရှိမှု နည်းပါးခြင်း၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဘေးထွက်ပစ္စည်းများ ထိရောက်စွာအသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်ခြင်းတို့ကြောင့် အကျိုးကျေးဇူးများသဖြင့် နိုင်ငံတကာမှ စိတ်ဝင်စားလျက်ရှိရာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထုတ်လုပ်သူများကို အားပေး မြှင့်တင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် Wood Pelletများကို ပြည်တွင်းဈေးကွက်အတွက် ဦးတည်ထိုးဖောက်ခြင်းဖြင့် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ ဘေးထွက်ပစ္စည်းများ အကျိုးရှိ အောင် အသုံးချနိုင်ခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်နိုင်ခြင်း အကျိုးများရရှိနိုင်ပါသည်။ ထို့အပြင် လက်ရှိစိုက်ပျိုးထားသော ထင်း၊ သစ်မာစိုက်ခင်းများမှ ထွက်ရှိလာမည့် စိုက်ခင်း အဆင့်မြင့်ခုတ်လှဲရရှိသော ပင်သေပင်ကျပ်များ အသုံးပြုနိုင်မည့် အလားအလာကောင်းတစ်ခုလည်း ဖြစ်ပါသည်။

 

အထက်ပါ လေ့လာတွေ့ရှိချက်များကို အခြေခံ ၍ မြန်မာ့သစ်လုပ်ငန်းပိုင် သစ်မာသစ်ပါးလွှာစက်ရုံများမှ ထွက်ရှိသော သစ်ပါးလွှာဘေးထွက်အမှိုက်များမှ Wood Pellet စမ်းသပ်ထုတ်လုပ်ခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ဆောင်ရွက်ခဲ့ပါသည်။ လောင်စာတောင့် (Wood Pellet) စမ်းသပ်ထုတ်လုပ် ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာ သစ်အခြေခံစက်မှုလုပ်ငန်းနယ်မြေရှိ မြန်မာ့သစ်လုပ်ငန်းပိုင် သစ်ပါးလွှာစက်ရုံနှစ်ရုံအား အခြေပြု၍ ဆောင်ရွက်လျက်ရှိပါသည်။

 

အဆိုပါသစ်ပါးလွှာစက်ရုံများမှ ထွက်ရှိသော သစ်ပါးလွှာ အမှိုက်များမှာ ယခင်က လုပ်ငန်းသုံး အဖြစ် ဘွိုင်လာမီးထိုးရန် အသုံးပြုပြီး ပိုလျှံသော အမှိုက်များကို စွန့်ပစ်ခဲ့ရပါသည်။ ယခုအခါ နေ့စဉ် သစ်ပါးလွှာအမှိုက် နှစ်တန်အသုံးပြုပြီး လောင်စာ တောင့် (Wood Pellet) မက်ထရစ်တန် ၁ ဒသမ ၅ တန် ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်ရရှိသော လောင်စာတောင့် နမူနာကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနလက်အောက်ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ခဲ့ရာ Moisture 6.99 ရာခိုင်နှုန်း၊ Ash 0.61 ရာခိုင်နှုန်း၊ Volatile Matter 77.04 ရာခိုင်နှုန်း နှင့် Fixed Carbon 15.36 ရာခိုင်နှုန်းပါဝင်ကြောင်း နှင့် Calorific Value မှာ 13476.63 Btu/lbရှိကြောင်း တွေ့ရှိရပါသည်။

 

အထက်ပါရလဒ်များအရ လောင်ကျွမ်းမှု ကောင်းမွန်ခြင်း၊ အပူစွမ်းအင်ရရှိမှု မြင့်မားခြင်း တို့ကြောင့် တိရစ္ဆာန်အစားအစာစက်ရုံ၊ အထည်ချုပ် စက်ရုံနှင့် စက္ကူစက်ရုံ စသည့်အပူစွမ်းအင်သုံးစွဲသည့် စက်မှုလုပ်ငန်းရှင်များ နှစ်ခြိုက်မှုရှိပြီး ရေရှည် အလားအလာကောင်းသည့် ထုတ်ကုန်တစ်ခုအဖြစ် ဈေးကွက် တွင်ကျယ်လာမည်ဖြစ်ကြောင်း သုံးသပ် ရရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငွေလုံး ငွေရင်းအသုံးစရိတ်ဖြင့် လောင်စာတောင့် ထုတ်လုပ် သည့် စက်နှင့် စက်ကိရိယာများ တိုးချဲ့တပ်ဆင်ပြီး ထုတ်လုပ်မှုတိုးမြှင့်သွားရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

 

အလေအလွင့်မှ အကျိုးရှိသော ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်

 

သစ်တောသယံဇာတများသည် အသစ် ပြန်လည်ဖန်တီးနိုင်သော အရင်းအမြစ်များ (Renewable Resources) ဖြစ်သော်လည်း သဘာဝ က ပေးစွမ်းနိုင်သောပမာဏထက် ကျော်လွန်ပြီး အလွန်အကျွံ ထုတ်ယူသုံးစွဲမည်ဆိုပါက ထာဝစဉ် ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ သစ်တောများက ပေးစွမ်းနိုင်သည့် ပမာဏအတွင်း စနစ်တကျ ထိန်းသိမ်းထုတ်ယူသုံးစွဲရန် အရေးကြီး သကဲ့သို့ ထုတ်ယူရရှိသော အရင်းအမြစ်များကို ထိရောက်စွာ သုံးစွဲရန်လည်း လွန်စွာအရေးကြီးပါသည်။ ယင်းသို့ သုံးစွဲရာတွင် အလေအလွင့်ထွက်ရှိမှု နည်းပါးအောင် ကြိုးပမ်းဆောင်ရွက်ရုံသာမက မဖြစ်မနေထွက်ရှိလာသော အလေအလွင့်မှ အကျိုးရှိသော ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ် နိုင်ရေးကိုလည်း စွမ်းဆောင်ကြရမည် ဖြစ်ပါသည်။

 

သို့ဖြစ်ရာ သစ်ပါးလွှာစက်ရုံများမှ ထွက်ရှိလာသော ဘေးထွက်သစ်ပါးလွှာအမှိုက်များမှ လောင်စာ တောင့် (Wood Pellet) ထုတ်လုပ်ခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သစ်မှထွက်သည့် ဘေးထွက်ပစ္စည်းများကို အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်မှန်းဆောင်ရွက်သည့် ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ပြီး ရေရှည်တွင်သစ်စက်၊ သစ်အခြေခံစက်ရုံများသာမက သစ်တောစိုက်ခင်း ဘေးထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများကိုပါ အသုံးပြုသွားနိုင်မည့်အလားအလာ ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။