ဖားကန့် ၅ ဇွန်    

 

သစ်ပင်စိုက် ဝါသနာပါသူများအနေဖြင့် သစ်ပင်ပျိုးပင်များအား မြို့အဝင် ပန်းတင်တံတား အနီးရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့ လာရောက်ထုတ်ယူပြီး မိမိအိမ်ခြံမြေများတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းခိုင်က "ကျွန်တော်တို့ ပြည်သူတွေကို ဖြန့်ဝေပေးဖို့ ကျွန်း၊ ပျဉ်းကတိုး၊ မအူ၊ အကေးရှား၊ မန်ဂျန်ရှားနဲ့ ဝါးဘိုးဝါး၊ အဲ့ဒီခြောက်မျိုးပေါင်း ပျိုးပင် ၂၃၀၀ စီစဉ်ထားပြီး မလောက်ငရင် အရန်ထပ်ပျိုးထားတဲ့ ပျိုးပင်ပေါင်းက ကိုးထောင်ကျော် ရှိပါတယ်။ သစ်ပင်စိုက်ဝါသနာပါသူတွေ တစ်အိမ်ထောင်စုကို (၁၀)ပင်အထိ ထုတ်ယူနိုင်ပြီး အဲ့ထက် ပိုရချင်ရင်တော့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ထောက်ခံချက်နဲ့ ထုတ်ယူ နိုင်ပါတယ်"ဟု ပြောသည်။

 

လက်ရှိတွင် သစ်ပင်ပျိုးပင်ပေါင်း(၆၂၀)ထိ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ပြီး လာရောက် ထုတ်ယူသူများအား စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး အသိပညာပေးဟောပြောခြင်းနှင့် ဆွေးနွေး ခြင်းများ တစ်ဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ ဖားကန့်မြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသီဟနှင့် တာဝန်ရှိသူများက ယနေ့ကျရောက်သော "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး ရုံးဝင်းအတွင်း သစ်ပင်ပျိုးပင်ပေါင်း တစ်ရာ့နှစ်ဆယ်ကို သစ်တောဦးစီးဌာနနှင့်ပူးပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)