မန္တလေး ဖေဖော်ဝါရီ ၆
သစ်သားဖြင့်ပြုလုပ်ထားသည့် မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချနေရာ၌ ပြည်တွင်းဈေးကွက်တွင် အရောင်းသွက်နေကြောင်း သပိတ်ကျင်းမြို့နယ်မှ မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင် ဒေါ်ပြည့်ပြည့်က ပြောသည်။
အဆိုပါ သစ်သားဖြင့်ပြုလုပ်သည့် မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများကို ပြည်တွင်းဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချနေကြောင်း၊ ထုတ်လုပ်ရာတွင်လည်း အမျိုးအမည်အလိုက် ပစ္စည်းမျိုးစုံပြုလုပ်၍ ရောင်းချပေးကြောင်း၊ ဈေးကွက်အတွင်းသို့ ရောင်းချပေးရာတွင် ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းမှာ ငွေကျပ် ၁၀၀၀ ကျော်မှ ၁၀ သိန်းအထိရှိကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်း၌ အွန်လိုင်းမှတစ်ဆင့် မှာယူသူများရှိနေ၍ အရောင်းသွက်နေကြောင်း သိရသည်။
“သစ်သားနဲ့ပြုလုပ်ထားတဲ့ မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းတွေကို ဈေးကွက်အတွင်း ရောင်းချပေးပါတယ်။ ပစ္စည်းအစုံပြုလုပ်ပြီးတော့ ရောင်းချပါတယ်။ လိုချင်တဲ့ ပစ္စည်းအလိုက် လာအပ်သမျှကိုလည်း အကုန်လုပ်ပေးပါတယ်။ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထုတ်လုပ်ရောင်းချပါတယ်။ တရုတ်နဲ့ ထိုင်းကိုလည်း ပို့ပါတယ်။ ခုလောလောဆယ်မှာတော့ စဉ်းတီတုံးတွေကတော့ အွန်လိုင်းစနစ်နဲ့ ပြည်တွင်း၊ ပြည်ပမှာ ရောင်းအားကောင်းနေပါတယ်။ ပြည်တွင်းမှာယူမှုများတာက ဧည့်ခန်းမှာထားဖို့ မြန်မာရိုးရာ ဆွမ်းအုပ်တွေ အမှာများပါတယ်။ ဆွမ်းအုပ်ကိုလည်း ပုဂံခေတ်က ဆွမ်းအုပ်မျိုး ပိုပြီးရောင်းအားကောင်းတယ်။ အခုနောက်ပိုင်း မြန်မာမှုပစ္စည်းတွေကို အသုံးများလာတယ်။ သစ်သားနဲ့ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေကို ပလတ်စတစ်တို့၊ ကြွေတို့နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ ယှဉ်ပြီး သုံးကြည့်ပါ။ဈေးကလည်း သူတို့ထက်နည်းတဲ့အပြင် ပစ္စည်းအရည်အသွေးကလည်း ကွာခြားပါတယ်။ ဒါကြောင့် ပြည်တွင်းရောင်းချရမှုမှာ အရောင်းအဝယ်ကောင်းလာပါတယ်” ဟု ၎င်းကရှင်းပြသည်။
သစ်သားဖြင့်ပြုလုပ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည့် မြန်မာလက်မှုအနုပညာပစ္စည်းများမှာ ဘုရားပလ္လင်၊ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ကော်ဖီခွက်၊ ငရုတ်စုံ၊ စဉ်းတီတုံး၊ ရေနွေးကြမ်းခွက်၊ လက်ဖက်အစ်ခွက်၊ တူဘူး၊ သွားကြားထိုးတံထည့်ဘူး၊ ဇွန်း၊ ယောင်းမ၊ ဆွမ်းတင်ကလပ်၊ ဘုရားပန်းအိုး၊ ဘောပင်ထည့်ဘူး၊ ဇွန်းထည့်ဘူး၊ ထမင်းအုပ်၊ ကျန်းမာရေးခြေနင်းခွက်၊ ဆေးလိပ်ပြာခွက် စသည့်ဖြင့် လူသုံးကုန်အိမ်သုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ပြင် သစ်သားနှင့် ထုတ်လုပ်သည့် မြန်မာမှုအနုပညာလက်ရာ အိမ်သုံးပစ္စည်းများကို ဈေးရောင်းပွဲပြုလုပ်၍ ခင်းကျင်းပြသရောင်းချသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


