အောင်ကြည်မိုး(စစ်တွေ)
သျှစ်သောင်းမြှောက်ပွဲကို နှစ်စဉ် တပေါင်း လပြည့်နေ့ ဒီရေကျချိန် ပင်လယ်ကမ်းခြေ နှင့် ချောင်းများရှိ သဲသောင်ပြင်များ၌ အသင်း အဖွဲ့အလိုက်၊ မိသားစုအလိုက် စုပေါင်းပြီး သဲပုံစေတီများ တည်ဆောက်ကာ ကုသိုလ်ယူ ကျင်းပပြုလုပ်ကြသော ရခိုင်လူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ ဘုရားရှင်၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အား အာရုံပြုပူဇော်ကြခြင်းဖြစ်၍ လောကုတ္တရာ ကို အခြေခံသော ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် သံတွဲမြို့ ငပလီ ကမ်းခြေတို့၌ သျှစ်သောင်းမြှောက်ပွဲ (ခေါ် )သဲပုံစေတီပွဲကို အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီး မိဘများက မိမိတို့၏ သားသမီးများအား မိမိတို့၏ ရိုးရာယဉ်ကျေးမှု ကို သိရှိစေရန် တကူးတက လာရောက်ပြသ ကြသည်။
မြတ်စွာဘုရား၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ဂုဏ်တော်များကို ချီးကျူးပူဇော်သည့်သဘောဖြင့် ကျင်းပနေကြ ခြင်းဖြစ်၍ ရခိုင်လူမျိုးများက သျှစ်သောင်း မြှောက်ပွဲဟု ခေါ်ဆိုကြပြီး ရှေးရခိုင်မင်းများ လက်ထက်ကတည်းက ကျင်းပခဲ့ကြသည်။ သျှစ်သောင်းမြှောက်ပွဲ (ခေါ် )သဲပုံစေတီပွဲကို ရခိုင်မင်္ဂလာစည်တော်များဖြင့် ဖွင့်လှစ်ကြ သည်။ ထိုပွဲတော်၌ ရခိုင်ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်းပုထိုးတော်၊ ဒုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်ပုထိုးတော် ပုံစံတူများကို သဲဖြင့် တည်ဆောက်ကြပြီး တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များဖြင့် ပူဇော်ကြသည်။
သဲပုံစေတီများအား ဒီရေကျချိန်၌ ပြုလုပ် တည်ဆောက်ရခြင်းမှာ သဲဖြင့် ပြုလုပ် တည်ဆောက်ထားသော ဘုရား၊ စေတီ၊ ပုထိုး များ ဒီရေတက်လာချိန် ရေတိုက်စား၍ ပြိုပျက်သွားသည်ကိုမြင်ပြီး အဖြစ်အပျက် သခ¯ရသဘောတရားများအား သံဝေဂရစေ ရန် ကျင်းပနေကြခြင်း ဖြစ်သည်။ နေ့ထူး နေ့မြတ်ဖြစ်သော တပေါင်းလပြည့်နေ့တွင် သျှစ်သောင်းမြှောက်ပွဲကို တစ်နေရာတည်း၌ တစ်ဦးတည်းက တည်ထားကျင်းပနေခြင်း မဟုတ်ဘဲ စုပေါင်းကာ တည်ထားကုသိုလ်ယူ ကြပြီး သဲစေတီများတည်ရာ သဲသောင်ပြင်၌ သူပိုင်၊ ငါပိုင် မဟုတ်ဘဲ ပံ့သကူရသော သဲဖြစ် သဖြင့် အတ္တမာနကင်းစေသည်။
ယနေ့အချိန် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် သံတွဲမြို့ ငပလီကမ်းခြေတို့၌ တပေါင်းလပြည့်နေ့တွင် ရိုးရာပွဲတော်တစ်ခုအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ တကူးတက လာရောက်ကြည့်ရှုကြသဖြင့် ခရီးသွားလုပ်ငန်းအား များစွာအကျိုးပြုနေပါ ကြောင်း တင်ပြလိုက်ရသည်။ ။