ရန်ကုန် ၁၆  သြဂုတ် 


သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် အခြောက်ခံနည်းပညာနှင့် Air Energy Heat Pump သုံးအခြောက်ခံစက်အသုံးပြုပုံ စာတွေ့လက်တွေ့သင်တန်း ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။


ယင်းသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ယူနန်ပြည်နယ် Green Energy Industry Association၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် Good Brother Company Limited တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီးသီးနှံအစုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အသင်းသားများ၊ တိုင်းနှင့် ပြည်နယ်မှအသင်းသားများ တက်ရောက်နိုင်ကြောင်း သိရသည်။


သင်တန်းတက်ရောက်လိုသူများသည် မိမိလက်တွေ့ အသုံးပြုစမ်းသပ် အခြောက်ခံလိုသည့် သီးနှံများကို ၃ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်အထိ ယူဆောင်လာရမည်ဖြစ်ပြီး စာတွေ့လက်တွေ့ ဆောင်ရွက်ပြီးနောက် စိတ်ပါဝင်စားသည့် အိမ်ရှင်မများ၊လုပ်ငန်းရှင်များအနေဖြင့် သင့်လျော်သည့် အခြောက်ခံစက် အရွယ်အစား အမျိုးမျိုးကို မှာယူနိုင်ကြောင်း ယင်းသစ်သီးဝလံအသင်းထံမှ သိရသည်။


Good Brother Company က အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် စနစ်များကိုလည်း ရှင်းလင်းမိတ်ဆက် သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒေါ်အိအိစိုး ဖုန်း ဝ၁-၂၁၈၃၆၇၊ ဝ၉-၄၃၁၂၇၆၅၆၊ ဝ၉-၇၉၅၆၅၄၅၂၁၊ အီးမေးလ် [email protected] သို့ သြဂုတ်လ ၂၆ ရက်နောက်ဆုံးထား စာရင်းပေးနိုင်ကြောင်း သိရသည်။


ထို့ပြင် တရုတ်နိုင်ငံဈေးကွက်သို့ သစ်သီးအစိမ်းတင်ပို့ခြင်းထက် သရက်၊ နာနတ်၊ ခရမ်းချဉ်၊ သံပုရာသီး စသည့်အသီးများကို အခြောက်ခံ တင်ပို့သည့်သီးနှံအခြောက်ဈေးကွက်မှာ ပိုမိုဝယ်လို အားကောင်းပြီး သီးနှံအခြောက်တင်ပို့ပါကလည်း ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


သင်တန်းကို စက်တင်ဘာလ ၂ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၌ သင်တန်းပို့ချပေးမည်ဖြစ်သည်။


သူရိန်ကျော်