သတင်းဆောင်းပါး - ဇော်မိုးထွန်း (မကွေး)
အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ကြရန် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ကြိုးပမ်းဆောင်ရွက်နေကြသည်။ ညောင်ရွှေမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၈၈၀ တွင်ရှိကာ အင်းလေးကန်၏ ရေဝေရေလဲဒေသတွင် ပါဝင်သောကြောင့် သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရန် ဒေသခံများက အစုအဖွဲ့ပိုင်သစ်တော (Community Forest)များ တည်ထောင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ လုပ်ကိုင်နေ ကြခြင်းဖြစ်သည်။
အင်းလေးကန်ရေဝေရေလဲဒေသ
အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် ကန်၏ ရေဝေရေလဲဧရိယာ ၂၁၆၆ ဒသမ ၈ စတုရန်း မိုင်(၁၃၈၆၇၂၅ ဧက)တွင် သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရန် ဒေသခံများက အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ကာ ၂၀ဝ၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်နေခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးခရိုင် သစ်တော ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောသည်။
အင်းလေးကန် ရေဝေရေလဲဒေသတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေများ ပါဝင်ပြီး ကြိုးဝိုင်းတော ရှစ်ခု၊ ကြိုးပြင်ကာကွယ်တော ရှစ်ခုနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေ နှစ်ခုတို့ကို သစ်တောဦးစီး ဌာန နှင့် အင်းလေးကန် ဇီဝအဝန်း ထိန်းသိမ်းရေးဌာနတို့အပြင် ဒေသခံများကပါ ဝိုင်းဝန်းထိန်းသိမ်းနေကြောင်း သိရသည်။
ဒေသခံအစုအဖွဲ့ပိုင်သစ်တောများ
အင်းလေးကန် ရေဝေရေလဲဒေသ၏ အစပိုင်းဖြစ်သော ပွေးလှကန်ဒေသတစ်ဝိုက်တွင် ဒေသခံများက အစုအဖွဲ့ပိုင်သစ်တောထူထောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေ သည်။ ပွေးလှကန်သည် အကျယ် ၃၈ ဧကနှင့် ရေဝပ်ဧရိယာ ၂၈ ဧကရှိကြောင်း သိရပြီး ဒေသခံများအနေဖြင့် အင်းလေးကန်၏ ရေဝေရေလဲဒေသ ပွေးလှကန်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် ဒေသ သစ်ပင် မျိုးများဖြစ်သော ပင်စိမ်း၊ ဝက်သစ်ချ၊ ခါတော်မီ၊ ရေ သစ်ပင် စသည်တို့ကို စိုက်ပျိုးပြီး နှစ် ၃၀ မှ ၆၀ အထိ ဂရန်ရရှိအောင် ဒေသခံအစုအဖွဲ့ပိုင်သစ်တောများအဖြစ် တည်ထောင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောပြသည်။
“ပွေးလှဒေသဟာ စိုက်ပျိုးရေးကို အခြေခံတဲ့အတွက်ရာ သီဥတုကောင်းမှ စားဝတ်နေရေး အဆင်ပြေမယ်၊ ရာသီဥတု ကောင်းဖို့ဆိုရင် သစ်တောသစ်ပင်တွေ ရှင်သန်ကြီးထွား နေမှရမယ်၊ သစ်တောသစ်ပင်တွေ ရှင်သန်ကြီးထွားမှသာ အင်းလေးကန် ရေဝေရေလဲဒေသတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်”ဟု ပွေးလှကျေးရွာ ဒေသခံအစုအဖွဲ့ပိုင်သစ်တောထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးထွဋ်က ပြောသည်။
ပွေးလှဒေသခံများအနေဖြင့် သဘာဝဘေးဒဏ်ကြောင့်လဲကျသော သစ်ပင်များကိုသာ ခုတ်လှဲခွင့်ရှိပြီး ၎င်းသစ်ပင်များမှရသောသစ်များကို ကျေးရွာဘုန်းကြီးကျောင်း၊ ကျေး ရွာခန်းမနှင့် စာသင်ကျောင်းစသော နေရာများအတွက်သာ အသုံးပြုကြကြောင်း၊ ဒေသခံများအနေဖြင့် သစ်ပင်များကို ထိန်းသိမ်းတတ်စေရန် အသိပညာပေးခြင်းအပြင်ဒေသ္တရအမိန့်နှင့် သစ်တောဌာနက ထုတ်ပြန်ထားသော ဥပဒေနှင့် အမိန့်များ ပေါင်းစပ်ကာ သစ်ပင်မခုတ်လှဲစေရေး ဆောင်ရွက်နေကြောင်းလည်း အဖွဲ့ဥက္ကဋ္ဌက ဆက်လက်ရှင်းပြသည်။
ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း
ပွေးလှကျေးရွာ၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Base Tourism-CBT) ကိုလည်း ဆက်လက် အကောင်အထည်ဖော်ကာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဒေသခံများက ကြိုးပမ်းနေကြကြောင်း သိရသည်။ ပွေးလှကန်ပတ်လည် ပေ ၇၀ဝ၀ ကျော်အတွင်း ရှားပါး တိရစ္ဆာန်များဖြစ်သည့် ဒေါင်းစိမ်းနှင့် ရေကျွဲတို့ကို မွေးမြူထားကြောင်း၊ ထိုရှားပါးတိရစ္ဆာန်များနှင့် ဒေသခံအစုအဖွဲ့ ပိုင်သစ်တောများကို နိုင်ငံခြားသားများ လည်ပတ်ကြည့်ရှု နိုင်ရန်မြင်း၊ နွားလှည်းများကိုလည်း စီစဉ်ထားကြောင်း၊ နိုင်ငံခြား ဧည့်သည်များအတွက် ၎င်းတို့၏ နိုင်ငံအလံနှင့် အမည် တို့ကိုဖော်ပြထားသည့် သစ်ပင်များကို သစ်တောအတွင်း စိုက်ပျိုး နိုင်ရန်လည်း ဆောင်ရွက်ပေးပြီး သစ်ပင်များ ရှင်သန်စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကာ ဝင်ငွေအခွင့် အလမ်းရရှိစေရန် ကြိုး ပမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။
အင်းလေးကန်၏ ရေဝေရေလဲဒေသများ ရေရှည်တည်တံ့စေရေးအတွက် ညောင်ရွှေမြို့နယ်တွင် ဒေသခံအစုအဖွဲ့ပိုင်သစ်တော ၃၄၄၂၄ ဒသမ ၅၈ ဧကကို ရွာပေါင်း ၁၀၄ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေထံမှသိရသည်။
“ဒေသခံအစုအဖွဲ့ပိုင် သစ်တောတွေ တည်ထောင်ဖို့ပအိုဝ်းနဲ့ တောင်ရိုး တိုင်းရင်းသားတွေက ပိုစိတ်ဝင် စားတယ်။ သစ်တောသစ်ပင်ကို ထိန်းသိမ်းတတ်စေဖို့ တိုးချဲ့ ပညာပေး တာအပြင် သစ်ပင်မစိုက်ရင် သစ်တောကြိုးဝိုင်းထဲမှာပါတဲ့မြေတွေကို ပြန်သိမ်းမယ်ဆိုပြီးတော့လည်း ပြောဆိုစိုက်ပျိုး ခိုင်းရပါတယ်”ဟု ၎င်းက ဆက်ပြောပြသည်။
ညောင်ရွှေဒေသ ဆောင်းခိုငှက်များ
ညောင်ရွှေဒေသခံများအနေဖြင့် သစ်တောများကို ထိန်းသိမ်းရန် ဆောင်ရွက်နေကြသော်လည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ တိုးတက်များပြားလာနေသည့်အတွက် ဟိုတယ်ဇုန်တည်ဆောက်ရန် နမ့်ပန်ကျေးရွာအုပ်စု အင်ကြင်းကုန်း (ကန်လက်ကျေးရွာအနီး)မှ မြေ ၆၂၂ ဧကကို နိုင်ငံတော်က သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ရကြောင်း သိရသည်။ ညောင်ရွှေဒေသသည် ဆောင်းရာသီတွင် က္ဘာပေါ်ရှိ မည်သည့်နိုင်ငံတွင်မှ မတွေ့ရသော ငှက်မျိုးစိတ်များကို တွေ့နိုင်သော ဒေသဖြစ်ပြီး ငှက်များ၏ အနောက် အာရှ-အရှေ့ အာဖရိက ပျံသန်းလမ်းကြောင်းနှင့် အရှေ့အာရှ-ဩစတြေးလျ-အာရှပျံသန်းလမ်းကြောင်းတို့ ပေါင်းဆုံရာ တစ်ခုတည်းသော ဒေသဖြစ်၍ ရှားပါးငှက်မျိုးစိတ်များကို တွေ့ရခြင်းဖြစ်ကာ ထိုငှက်များကို လာရောက်ကြည့်ရှုသူလည်း များသောကြောင့် ဟိုတယ်ဇုန်တည်ဆောက်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရ သည်။
နိုင်ငံခြားသားဧည့်သည် အများအပြား လာရောက်လည်ပတ်လေ့ရှိသော အင်းလေးဒေသတွင် အင်းလေးကန် ရေရှည်တည်တံ့စေရေးအတွက် အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်၍ ထိန်းသိမ်းနေကြသလို တစ်ဖက်တွင်လည်း ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်နေကြောင်း လွယ်ခေါ် ကျေးရွာရှိ ဒေဒေသခံအစုအဖွဲ့ပိုင်သစ်တော ဥက္ကဋ္ဌ ခွန်ညွန့်မောင်က ပြောသည်။
အင်းလေးကန် ရေရှည်တည်တံ့စေရေး
အင်းလေးဒေသတွင်းရှိ သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သစ်အတန်းအစား လျော့ကျမှုမရှိစေရေးနှင့် အင်းလေးကန်ရေရှည်တည်တံ့စေရေးအတွက် ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်းဖြင့် ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်နေကြပြီး ဒေသခံပြည်သူ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေစေ ရန်အတွက် ဒေသပိုင်အစုအဖွဲ့သစ်တောများနှင့် တွဲဖက်ကာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို အကောင် အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
လွယ်ခေါ်ကျေးရွာ၌ အစုအဖွဲ့ပိုင်သစ်တော ထူထောင်ပြီး နောက် ဒေသခံများအား တောမီးမရှို့ရန်၊ တောမီးလောင်နေပါက သိလျှင်သိချင်း မောင်းထု၍ တစ်အိမ်တစ်ယောက်မထွက်မနေရစနစ်ဖြင့်ထွက်၍ တောမီးငြှိမ်းသတ်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ထင်းများကို စည်းကမ်းမဲ့ ခုတ်ယူမှု မရှိစေရေးအတွက် သစ်ပင်များမှ သစ်ကိုင်းခြောက်များကိုသာ ထင်းအဖြစ် တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်းဖြင့်စုပေါင်းခုတ်ယူကြကာ ထိုထင်းများကို လေးတောင် ပတ်လည်စီပုံ၍ တစ်အိမ်ထောင်လျှင် ထင်းတစ်ပုံစီကို မဲနှိုက်ပေးခြင်းဖြင သုံးစွဲကြကြောင်း သိရသည်။
လွယ်ခေါ်ကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ရာ လာရောက်လည်ပတ်သော ဧည့်သည်များအတွက် အခန်း ရှစ်ခန်းပါ အဆောက်အအုံတစ်လုံးကို တည်ဆောက် ထားပြီး ထိုအဆောက်အအုံတွင် တည်းခိုစေ၍ဒေသထွက် အစားအစာများကို ကျွေးမွေး ကြောင်း၊ ညပိုင်းတွင် ပအိုဝ်းရိုးရာအက များဖြင့် ကပြဖျော်ဖြေပြီး အကအဖွဲ့တစ်ဖွဲ့ ဖျော်ဖြေခြင်းအတွက် ကျပ် ၃၀ဝ၀ဝ သတ်မှတ် ကာ ကပြသောအဖွဲ့ကို ကျပ်၁၅၀ဝ၀ ပေး၍ ကျန်ငွေ ၁၅၀ဝ၀ ကို ကျေးရွာရန်ပုံငွေအဖြစ်သုံးစွဲကြောင်း လွယ်ခေါ်ကျေးရွာ အစုအဖွဲ့ပိုင်သစ်တော ဥက္ကဋ္ဌက ဆိုသည်။
ခရီးသွားများအတွက် စိတ်ဝင်စားစရာနေရာ
ကျောင်းနား၊ အလယ်၊ ကုန်းပေါ်၊ အင်းသာနှင့် မြောက်ရွာ ဆိုသည့် ကျေးရွာငါးရွာကို စုပေါင်းထားသော လွယ်ခေါ် ကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀ဝ၀ တွင် တည်ရှိကာ ဆေးပေါ့လိပ်လိပ်ရာ တွင် အသုံးပြုသော သနပ်ဖက်လုပ်ငန်းကိုလည်း လုပ်ကိုင်သည့်အပြင် သစ်တော သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်သော နေရာဒေသဖြစ်၍ နိုင်ငံခြားသား ခရီးသွားများအတွက် စိတ်ဝင်စားစရာ နေရာ တစ်ခုအဖြစ် တည်ရှိနေသည်။
ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားစရာ အင်းလေးကန် ရေရှည်တည်တံ့ စေရန်နှင့် သစ်တောပြုန်းတီးမှုမှ ကာကွယ်ရန်အတွက် ဒေသခံများက ဒေသခံအစုအဖွဲ့ပိုင်သစ်တော နှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ထူထောင်လျက်ရှိရာတွင် သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်နှင့် နည်းပညာ ကိုသာ ပံ့ပိုးပေးနိုင်ကြောင်း၊ လုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန်နှင့် ထပ်မံတိုးပွားလာစေရန် လိုအပ်သော ငွေကြေးများကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းပံ့ပိုး ပေးပါက သစ်တောပြုန်းတီးမှုကို ယခုထက်ပို၍ ထိရောက်စွာ ကာကွယ် နိုင်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက အကြံပြုပြောကြားသည်။
UN-REDD အစီအစဉ်
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း(UNFCCC)တွင် ပါဝင်ပြီး ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျှော့ချရန် ကတိကဝတ်ပြု ထားသော နိုင်ငံတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုတွင်သစ်တောကဏ္ဍသည် အထူး အရေးကြီးလှပေသည်။ သစ်တော ပြုန်းတီးမှုလျှော့ချရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် သစ်တောများ၏ အရေးကြီးသည့် အခန်း ကဏ္ဍကို အသိအမှတ်ပြုထားပြီး သစ်တောဧရိယာ တိုးပွား ရန်လည်း ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်ရာ တွင်နိုင်ငံတကာ အစီအစဉ်တစ်ခုဖြစ်သော UN-REDD အစီအစဉ် လည်း အပါအဝင် ဖြစ်ပြီး UN-REDD အစီအစဉ်၏ အထောက် အပံ့ဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် Myan-mar REDD+ National Program ကို သစ်တော ဦးစီးဌာနက ဦးဆောင် ကာ ၂၀၁၆-၂၀၂၀ စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
REDD+ အစီအစဉ်သည် သစ်တောပြုန်းတီးခြင်းနှင့်သစ်တော အတန်းအစားကျဆင်းခြင်းမှ ကာကွယ်သလို ကာဗွန်ထုတ်လုပ်မှု အမှန်တကယ်လျှော့ချနိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများကို လျှော့ချနိုင်သော ပမာဏ အလိုက် Carbon Credit အဖြစ် ငွေကြေးတန်ဖိုးသတ်မှတ်ကာ ထောက်ပံ့ကူညီမှုပြုလုပ်မည့် မူဝါဒရေးရာ မက်လုံး ပေးသည့် လုပ်ငန်း စဉ် ဖြစ်သည်။
အဆိုပါ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာ တွင်နိုင်ငံအတွင်း သစ်တောများ လျော့ကျမှုမရှိစေရန်နှင့် ထပ်မံပြီး သစ်တောများ တိုးပွားရေးအတွက် ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ကဲ့သို့ ဒေသခံ အစုအဖွဲ့ပိုင် သစ်တော (Community Forest) များကို နိုင်ငံအနှံ့ တည်ထောင်အကောင်အထည် ဖော်ကြခြင်းဖြင့် နိုင်ငံအဝှမ်း သစ်တော စွမ်းဖြင့် စိမ်းလန်းစိုပြည်စေရမည်ဆိုသော ဆောင်ပုဒ်အတိုင်း နိုင်ငံတော်တစ်ခုလုံး သစ်ပင်များဖြင့် သာယာစိမ်း လန်း စိုပြည်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။