နေပြည်တော် ၃၀ စက်တင်ဘာ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် (၇၅) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ High-level Week အတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေး (Summit on Biodiversity) ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
Video-recorded Statement တွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းက လူသားများသည် ကမ္ဘာပေါ်ရှိ ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် ၎င်းတို့မှ ထွက်ရှိသည့် ပစ္စည်းများအပေါ် မှီခိုနေထိုင်ကြလျက်ရှိရာ ဇီဝ မျိုးစုံမျိုးကွဲများသည် အလျင်အမြန် ကျဆင်းလျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံး လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးပျောက်ကွယ်မှုကြောင့် ရာသီဉတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များနှင့် အဆက်မပြတ် ရင်ဆိုင်ကြုံတွေ့ရ လျက်ရှိ ကြောင်း၊ အဆိုပါအခြေအနေများကို ကုစားရန် အချိန်တန်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ၂၀၅၀ ပြည့်နှစ်အတွက် မျှော်မှန်းချက်ဖြစ်သည့် “သဘာဝတရားနဲ့ လိုက်လျောညီထွေ နေထိုင်ခြင်း” (Living in Harmony with Nature) ကို ပြည့်မီနိုင်ရေး ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမဟာဗျူဟာ မူဘောင်ကိုလည်း အားလုံးပူးပေါင်းပါဝင် ရေးဆွဲလျက်ရှိကြောင်း။
မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးပျောက်ကွယ်မှုကို ရပ်တန့်နိုင်ရေးနှင့် စဉ်ဆက်မပြတ်အသုံးပြုမှုတို့အတွက် သဘာဝကို အခြေခံသောနည်းလမ်းများ (Nature-based Solutions) ကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ သဘာဝကိုအခြေခံသော နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းနိုင်ရေးကုန်ကျစရိတ် သက်သာသောနည်းလမ်းများဖြစ်ပြီး ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ စီးပွားရေးအကျိုးအမြတ်များကို တစ်ပြိုင်နက်တည်း ပံ့ပိုးပေးနိုင်ကာ ရာသီဉတုပြောင်းလဲမှု ဒဏ်ခံနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း၊ သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဂေဟစနစ်များကို ပြန်လည်ထူထောင်ခြင်းသည် နိုင်ငံ၏ ဉီးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသစ်တောများပြန်လည် တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းကို အမေရိကန်ဒေါ်လာသန်း (၅၀၀) အကုန်ကျခံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၉) ခု တွင်လည်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း (၁၀) နှစ်တာ လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတွင် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသောနေရာများနှင့် အဏ္ဏဝါ ဧရိယာများကို ရာစုနှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ထိန်းသိမ်းလာသော ဌာနေတိုင်းရင်းသားလူမျိုးစု များနှင့် ဒေသခံအစုအဖွဲ့များ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြီး သစ်တောစီမံ အုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတွင် ပါဝင်လာနိုင်စေရန် ဥပဒေများကိုလည်း မွမ်းမံပြင်ဆင်ပြီး ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရေး သဘာဝကို အခြေခံသော နည်းလမ်းများဖြစ်သည့် ပြန်လည်ထူထောင်ခြင်း၊ ကာကွယ်ထိန်းသိမ်းခြင်းနဲ့ ဇီဝမျိုးစုံ မျိုးကွဲများကို စဉ်ဆက်မပြတ်စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေးသည် ကုလသမဂ္ဂအထွေထွေညီလာခံ အောက်မှ ကျင်းပသည့် ပထမဦးဆုံးသော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေးဖြစ်ပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ပတ်ဝန်းကျင် ရေးရာဝန်ကြီးများက Video-recorded Statement ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)