နေပြည်တော်  ၇  မေ

 

သစ်တောမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၊ လယ်ယာမြေများကို သာသနာ့မြေအဖြစ် အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စုပေါင်းခန်းမ (မြေညီထပ်)တွင် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သစ်တောမြေများ၌ သာသနိကအဆောက်အအုံများ ဆောက်လုပ်ရာတွင် သာသနာမြေရရှိပြီးမှသာ ဆောက်လုပ် သွားရန်ဖြစ်ကြောင်း၊ သစ်တောမြေမှ ထုတ်နုတ်ပြီး သာသနာ့မြေအဖြစ် အသုံးပြုရာတွင် ဤဝန်ကြီးဌာနသို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက တိုက်ရိုက်လျှောက်ထားလာပါက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်၊ ခရိုင်/မြို့နယ် သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ သဘောထားများရရှိပါက သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ထုတ်နုတ်ပေးနိုင်မည့်ဧရိယာကို ပြန်ကြားပေးနိုင်ပါရန် မေတ္တာရပ်ခံ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သစ်တောမြေများအတွင်း ခွင့်ပြုချက်မရှိဘဲ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်မှု မဖြစ်ပွားစေရေးအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားရေး ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး၊ ပြည်နယ်သံဃနာယကအဖွဲ့များ အားလုံးသို့ လျှောက်ထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ယင်းနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သာသနာ့မြေအဖြစ် အသုံးပြုရန်ဖြစ်စေ၊ လယ်ယာမြေများကို သာသနာ့မြေအဖြစ် အသုံးပြုရန်ဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များက ဤဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံလာပါက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ သဘောထားများ ပြည့်စုံခြင်းရှိမရှိတို့ကို သာသနာရေး ဦးစီးဌာနသို့ စိစစ်စေပြီး သာသနာ့ရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း ပြန်ကြားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သစ်တောမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၊ လယ်ယာမြေများမှ သာသနာ့မြေအဖြစ် ခွင့်ပြုချက်မရမီ အဆောက်အဦများ ဆောက်လုပ်ခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများက စီမံခန့်ခွဲသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် များနှင့်အညီ အချိန်မီ တားဆီးနိုင်ရေးနှင့် သာသနာ့မြေအဖြစ်ရရှိပြီးမှသာ သာသနိကအဆောက်အဦများ ဆောက်လုပ်သွားရန် ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပြီး သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သာသနာ့မြေကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ညွှန်ကြားလွှာများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက သစ်တောဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

သတင်းစဉ်