ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
မြန်မာတွေဟာ သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုးတွေဖြစ်ပါတယ်။ သစ်တော၊ သစ်ပင်တွေကို ဘာကြောင့် ချစ်ခင်ရပါသလဲ။ သစ်ပင်စိုက်ရင်အရိပ်ရတယ်၊ ပူပြင်းတဲ့ရာသီမှာ နားခိုရာရလို့၊ ပရိဘောဂ၊ အိမ်ကျောင်း၊ ကျေးရွာဘုန်းကြီးကျောင်းတွေ အဆောက်အအုံဆောက်ဖို့ သစ်ရလို့၊ လောင်စာထင်းမီးသွေး ရလို့ဖြစ်ပါတယ်။
ကျွန်တော်တို့ ဘိုးဘေးဘီဘင်လက်ထက်က ကာဗွန်သံသရာကို တိတိကျကျ နားမလည်သော်လည်း “တစ်ပင်လဲဆယ်ပင်ထူ” ဆိုတဲ့ စကားရှိခဲ့တာမို့ သစ်တစ်ပင်ခုတ်ရင် ဆယ်ပင်စိုက်ကြဖို့ သိခဲ့ကြပါတယ်။ သို့သော် တစ်နှစ် သစ်ပင်ဘယ်နှပင် ဘာကြောင့်စိုက်ရသလဲဆိုတာ ဂဃနဏ မသိကြပါဘူး။ ဒါမသိလည်း အကြောင်းမဟုတ်ပါဘူး။ လူတစ်ယောက် တစ်နှစ် သစ်နှစ်ပင်စိုက်ရင် ပြီးတာပါပဲ။
မိုးရေချိန်နည်း၊ မိုးရွာသွန်းမှုနည်းတဲ့ အညာဒေသတွေမှာ ညောင်ပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေကို ငယ်စဉ်ကတွေ့ခဲ့ရပါတယ်။ ဒီအပင်ကြီးတွေ စိုက်ပျိုးပေါက်ရောက်တာဟာ လူထု လှုပ်ရှားမှု အသွင်နဲ့စိုက်ခဲ့တာမဟုတ်၊ လူတစ်ဦးတစ်ယောက်ရဲ့အမြော်အမြင်၊ စိတ်ဓာတ်စိတ်မြတ်နဲ့ စိုက်ပျိုး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်များအတွင်း မြန်မာနိုင်ငံအပူပိုင်း ကိုးခရိုင်စိမ်းလန်း စိုပြည်ရေးစီမံကိန်းရေးစွဲကာ အကောင်အထည်ဖော်ခဲ့လို့ မြန်မာနိုင်ငံအလယ်ပိုင်းဟာ ပူပြင်းတဲ့ရာသီဥတုက သက်သာရာရခဲ့ပါတယ်။
သစ်ပင်စိုက်ပျိုးဖို့ ဘာကြောင့် အရေးကြီးလဲ
“ဥတုရာသီတောကိုမှီ၏” ဆိုတာနားလည်ကြပါတယ်။ “တောပြုန်းရင် မြေဆီသုဉ်းတယ်” ဆိုတာလည်း သိခဲ့ကြပါတယ်။ သစ်ပင်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ဟာ ဘယ်တုန်းကလဲဆိုရင် လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးအချိန်ဟာ ယခုဖြစ်တယ်လို့ သစ်တောသစ်ပင်စိုက်ဖို့ လိုအပ်ကြောင်း လူထုကိုအသိပေးတာ ဖြစ်ပါတယ်။
သစ်ပင်စိုက်ပျိုးဖို့ ဘာကြောင့် ရေးကြီးခွင်ကျယ် ကမ္ဘာ့လူသားတွေ အာရုံထားလုပ်ကြရလဲဆိုရင် ၁၉၀၀ ပြည့်နှစ်က သစ်တော ဟက်တာ ခြောက်ဘီလီယံရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ ၃ ဘီလီယံပဲ ရှိတော့ နှစ်တစ်ရာအတွင်း သစ်တောဟက်တာ သုံးဘီလီယံထိ ပျက်ပြုန်းကျဆင်းသွားခဲ့လို့ ဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်က လူဦးရေဟာ သုံးဘီလီယံ၊ ၂၀၀၀ ပြည့်နှစ်မှာ ခြောက်ဘီလီယံ ဖြစ်လာပါတယ်။
၂၀၄၀ ပြည့်နှစ်လောက်ရောက်ရင် ကမ္ဘာ့လူဦးရေဟာ ရှစ်ဘီလီယံနား၊ ၂၀၅၀ ပြည့်နှစ်မှာဆိုရင် ကမ္ဘာ့ လူဦးရေဟာ ၁၀ ဘီလီယံကျော်မယ်လို့ ကုလသမဂ္ဂ လူဦးရေနှင့် ရန်ပုံငွေ အေဂျင်စီက ခန့်မှန်းပါတယ်။ ကမ္ဘာကြီးလည်း ပူနွေးလာပါတော့တယ်။
ကမ္ဘာကြီး ပူနွေးလာပြီ
၁၈ ရာစု နှောင်းပိုင်းက ဥရောပတစ်ခွင်မှာ ကျောက်မီးသွေးကို စတင်အသုံးပြုရာမှာ ရေနွေးငွေ့ အင်ဂျင်စက်တွေကို ကျောက်မီးသွေးနဲ့မောင်း၊ စက်ရုံတွေဟာ မီးခိုးတလူလူနဲ့ လျှပ်စစ်ထုတ်တဲ့အထိ ကျောက်မီးသွေးကို သုံးခဲ့ပါတယ်။ ဆီမီးအိမ်နေရာမှာ လျှပ်စစ်မီးလုံးတွေနဲ့ အစားထိုး၊ မြင်းနဲ့ဆွဲတဲ့ ရထားလုံးတွေနေရာမှာ မော်တော်ယာဉ်တွေက နေရာရလာပါတော့တယ်။ လူတွေရဲ့စရိုက်လက္ခဏာ တွေလည်း အကြီးအကျယ်ပြောင်းလဲသွားပါတော့တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ - ၆၀ အတွင်း မြစ်ရေကြီးခြင်း၊ ကမ္ဘာ့ဒေသအချို့မှာ စိုက်ပျိုးမြေတွေ ပတ်ကြားအက်ကွဲခြင်း၊ ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ တိုက်ခြင်း၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်ခြင်း၊ ရေခဲတောင်နဲ့ ရေခဲမြစ်တွေ အရည်ပျော်ခြင်း၊ ကွက်ကျားကွက်ကျားမီးလောင်ခြင်း၊ မြေဆီလွှာခန်းခြောက်တာတွေနဲ့ မကြုံစဖူး ဒုက္ခပင်လယ်ဝေခဲ့ကြရပါတယ်။ အဓိကအကြောင်းက ကမ္ဘာကြီး ပူနွေးလာလို့ဆိုပြီး ကောက်ချက်ချကြပါတယ်။
ကမ္ဘာ့ပျမ်းမျှအပူချိန်ကို နှစ်ပေါင်း ၁၆၀ အတွင်း စနစ်တကျ တိုင်းတာခဲ့တဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ကမ္ဘာ့အပူချိန်ဟာ သိသိသာသာမြင့်တက်လာခဲ့တယ်။ ၁၉၉၈ ခုနှစ်က အမြင့်ဆုံးအပူချိန်ကို ရောက်ခဲ့ပါတယ်။ ကမ္ဘာမှာ အပူချိန်အမြင့်ဆုံးထိ ရောက်ခဲ့တဲ့ ၁၀ နှစ်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းက ဖြစ်ခဲ့ပါတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေပျော်ကျတာ ကမ္ဘာကြီးပူနွေးခြင်းရဲ့ လက္ခဏာပဲ။
၁၈၉၆ ခုနှစ်မှာ Swedish Chemist Svante Arrhenius က “ကျောက်မီးသွေးကို ကာဗွန်ဒိုင် အောက်ဆိုက်အဖြစ် လေထုထဲမှုတ်ထုတ်လိုက်တယ်၊ လေထုထဲပိုမိုရောက်လာတဲ့ ဒီဓာတ်ငွေ့ဟာ အပူကို စုပ်ယူထားနိုင်တော့ ကမ္ဘာ့လေထုကြီးဟာ ‘စောင်’ ခြုံထားသလို ဖန်လုံအိမ်လိုနွေးနေတော့တာပဲ။ ဆောင်းရာသီဟာ ပိုပြီးပျော့ပျောင်းလာဖွယ်၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ဖွယ်ဖြစ်တယ်”လို့ လန်ဒန် အီဒင်ဘာရာ၊ ဒပ်ဗလင်၊ ဖလော်ဆော်ဖစ်ကယ်မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။
ဒီဓာတ်ငွေ့ဟာ သိပ္ပံအရ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (Greenhouse gas) လို့ခေါ်တယ်။ ကာဗွန်ဒိုင် အောက်ဆိုက်ဟာ ပုံမှန်အတိုင်း (၂၈၅-၃၀၀ပီပီအမ်) ဆိုရင် မိတ်ဆွေဓာတ်ငွေ့ဖြစ်ပါတယ်။ သစ်ပင်သစ်တော တွေ၊ လယ်ယာစပါးကောက်ပဲသီးနှံတွေဖြစ်ဖို့ အသက်ရှင်သန်ဖို့ဖြစ်ပါတယ်။ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ (ကာဗွန်ဓာတ်ငွေ့) တဖြည်းဖြည်းများပြားလာတာဟာလည်း ၁၈၉၀-၁၉၁၀ ပြည့်နှစ်အတွင်း သိပ္ပံနဲ့နည်းပညာ တီထွင်ဆန်းသစ်မှုနဲ့ အတူတွဲပါလာတာဖြစ်ပါတယ်။
၁၉၄၀ ပြည့်နှစ်ရောက်တော့ လေထုအတွင်း ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ၃၀၀ ပီပီအမ် (ppm parts per million) နီးပါး (လေထုတစ်သန်းပုံ ပုံရင် ကာဗွန်ဓာတ်ငွေ့ဟာ ၃၀၀ပုံ ရှိတယ်) ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ ၄၀၁ ပီပီအမ်အထိ ကြောက်ခမန်းလိလိမြင့်တက်ခဲ့ပါတယ်။ ဒီကာဗွန်ဒိုင် အောက်ဆိုက် ဘယ်ကရောက်လာသလဲဆိုရင် ကျောက်မီးသွေးကိုသုံးပြီး လျှပ်စစ်ထုတ်လို့ပဲ ဖြစ်ပါတယ်။ မြင့်တက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ပင်လယ်သမုဒ္ဒရာရဲ့ အက်စစ်ဂုဏ်ဟာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတော့တယ်။
ရာသီဥတုပြောင်းလဲမှုကို အထူးတလည် လေ့လာတဲ့အဖွဲ့ကတော့ “The Intergovernmental Panel on Climate Change (IPCC)” ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို စနစ်တကျ လေ့လာနေတာ ဖြစ်ပါတယ်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေအနက် အဓိကအကျဆုံးတရားခံဟာ ကာဗွန်ဒိုင် အောက်ဆိုက် (ကာဗွန်ဓာတ်ငွေ့) ကြောင့်လို့ ခွဲခြားဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား ဘင်္ဂလားပင်လယ်အော်ရဲ့ကောင်းကင်မှာ ရောက်ရှိလာတဲ့ ကာဗွန်ဓာတ်ငွေ့ဟာ ဘိုလာဆိုင်ကလုန်းနဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတို့ကို ဖန်တီးခဲ့တယ်လို့ သိပ္ပံ ရှုထောင့်က ပြောရမှာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်က မြန်မာနိုင်ငံအောက်ပိုင်းကို ဖျက်ဆီးခဲ့တဲ့ နာဂစ်မုန်တိုင်း ကြောင့် လူမှုဘဝဆုံးရှုံးပျက်စီးမှုဟာ လွန်စွာကြီးမားခဲ့ပါတယ်။
ကမ္ဘာ့လေထုရဲ့ အပူချိန်မြင့်တက်လာမှု ပုံမမှန်ရာသီဥတုဖြစ်ပေါ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ တိုက်ခိုက်ခြင်း၊ ရေကြီးခြင်းဟာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ပမာဏနဲ့ ဆက်စပ်နေတယ်ဆိုတာ ကမ္ဘာ့သိပ္ပံပညာရှင်တွေက ခိုင်မာတဲ့အထောက်အထားတွေနဲ့ပြလာကြလို့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ လူထုဟာ သဘောပေါက်လက်ခံလာကြတယ်။
သဘာဝအလျောက်ဖြစ်စဉ်
လေထုအတွင်း ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ၃၇၅ ပီပီအမ်ဆိုပါတော့။ လူတစ်ယောက်ဟာ အသက်တစ်ခါ ရှူရှိုက်ရင်ပဲ ကာဗွန်ဓာတ်ငွေ့ ၃၇၅ ပီပီအမ်ဝင်ပြီး ရှူထုတ်လိုက်တဲ့အခါ လူ့ကိုယ်ခန္ဓာတွင်း ဆဲလ်ပေါင်းများစွာရဲ့ အလုပ်မျိုးစုံကြောင့် ကာဗွန်ဓာတ်ငွေ့ပမာဏ လေးသောင်းပီပီအမ် ထွက်လာပါတယ်။ သဘာဝအလျောက် သက်ရှိသက်မဲ့တွေ ဆွေးမြည့်ကြရင်လည်း ကာဗွန်ဓာတ်ငွေ့ထွက်နေပါတယ်။ ဒီဖြစ်စဉ် ရှိမနေရင် လေထုထဲမှာ ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ဟာ လအနည်းငယ်အတွင်းမှာ ကုန်ဆုံးသွား ပါမယ်။
ကမ္ဘာကြီးပူနွေးခြင်းရဲ့အကြောင်းတရားများ
ကမ္ဘာကြီးပူနွေးခြင်းရဲ့ ကြီးမားတဲ့အကြောင်းတရားတစ်ခုက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေ ကမ္ဘာအရပ်ရပ်မှာများလာခဲ့လို့ပဲ။ ကျောက်မီးသွေး တန်တစ်ထောင်သုံးပြီး တစ်နာရီကြာ လျှပ်စစ်ထုတ်မယ်ဆိုရင် လေထုအတွင်းကို ကာဗွန်ဒိုင်အောက်ဆိုက် (ကာဗွန်ဓာတ်ငွေ့) တန်နှစ်ထောင် ထုတ်လွှင့်ပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်နဲ့ ရေအားလျှပ်စစ်ကို အသုံးပြုကြတာကို တွေ့ရပါတယ်။ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်တာ အများဆုံးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မွန်ရိုးကျောက်မီးသွေးစက်ရုံဟာ ဒီနေ့အထိ လည်ပတ်လျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်မှာ ရပ်တန့်မှာဖြစ်ပါတယ်။ လျှပ်စစ်လည်း ထုတ်ယူနေရဆဲ၊ ကာဗွန်ဓာတ်ငွေ့လည်း ထွက်နေဆဲ၊ သစ်ပင်တွေလည်း စိုက်နေဆဲနိုင်ငံဖြစ်ပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့ ရေနံဓာတ်ငွေ့ကိုသုံးပြီး စီးပွားရေးကို တည်ထောင်တာဖြစ်ပါတယ်။ အမေရိကန်လူမှုစီးပွားဘဝမြင့်မားဖို့ အခြားစွမ်းအင်အရင်းအမြစ် မရမီမှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကို လက်မလွှတ်နိုင်ဘဲ သုံးရတာဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် နိုင်ငံတို့ဟာ ကျောက်မီးသွေးနဲ့ ရေနံဓာတ်ငွေ့လောင်စာကို အများဆုံးသုံး၊ လျှပ်စစ်ထုတ်၊ သွားလာရေး လူသုံးကုန်ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီး ကမ္ဘာကို ဖြန့်ဖြူးရောင်းချပါတယ်။ လျှပ်စစ်နဲ့ပဲ ပစ္စည်းမျိုးစုံကိုထုတ် အလုပ်လုပ်ကြပါတယ်။
တရုတ်ရဲ့စွမ်းအင်လိုအပ်ချက်ဟာ ကြီးမားတာကြောင့် ယမ်စီမြစ်ကို အခြေပြုပြီး အလွန်တရာကြီးမား တဲ့ ရေကန်ကြီးသုံးခု တည်ဆောက်ကာ လျှပ်စစ်ထုတ်သုံးစွဲခြင်းဟာ သူ့နိုင်ငံရဲ့လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တင်းခြင်းပဲ။ ဒီလောက်များပြားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ကျောက်မီးသွေးကိုသာ သုံးရမယ် ဆိုရင် လေထုတွင်း ထုတ်လွှတ်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဟာ လွန်စွာမြင့်တက်မှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ သူ့ရဲ့ရေအားအရင်းအမြစ်ကို အခြေခံပြီး လျှပ်စစ်ထုတ်ရတာဖြစ်တယ်။ ကျောက်မီးသွေး နဲ့ ရေအားလျှပ်စစ်ကို အားကိုးနေရဦးမှာဖြစ်ပါတယ်။
မြန်မာတို့ ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ
မြန်မာနိုင်ငံအတွက် မည်သို့သော စွမ်းအင်အရင်းအမြစ်ကိုပင်ဖြစ်ဖြစ် အခြေခံပြီး လျှပ်စစ်ဓာတ်ကို ထုတ်ကြရပါမယ်။ နိုင်ငံရဲ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ကို ထုတ်သင့်ပါတယ်။ နည်းပညာ အတော်အသင့်သာလိုတဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ တွေကို မိုးများတဲ့ဒေသတွေမှာ ရဲရဲရင့်ရင့်တည်ဆောက်ပြီး စက်မှုလယ်ယာကိုတည်ထောင်သင့်ပါတယ်။ ကျောက်မီးသွေးသုံးပြီး သံရည်ကြို စက်တွေ၊ သံမဏိထုတ်တဲ့စက်ရုံတွေဟာ အခုဆိုရင် နည်းပညာ မြင့်လာ တော့ အက်စစ်မိုးဖြစ်စေမယ့် ဆာလ်ဖာဓာတ်ငွေ့တို့ကို ကောင်းကောင်းဖယ်နိုင်ပြီမို့ ကျောက်မီးသွေးသုံးပြီး စက်ရုံတည်ထောင်ရမှာကို အထူးကြောက်လန့်စရာမလိုဘူးလို့ ပြောချင်ပါတယ်။
ကမ္ဘာ့စီးပွားရေး (Global Economy) ကို အထောက်အပံ့ဖြစ်စေတာဟာ ယနေ့အထိ ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာပဲ ဖြစ်နေပါတယ်။ အခြားသော စွမ်းအင်တွေဖြစ်တဲ့ နေရောင်ခြည်၊ လေကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် “ရေမကြွယ် ထင်းမကြွယ်” ဆိုတဲ့အတိုင်း လျှပ်စစ်ဓာတ်ဟာ လိုအပ်နေမှာဖြစ်ပါတယ်။ အထူးကြောက်လန့်စရာမလို၊ ကျောက်မီးသွေးလောင်စာနဲ့ ရေအားလျှပ်စစ် အပေါ် အမှီပြုနေရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ လောပိတ၊ ပေါင်းလောင်း ရေအားလျှပ်စစ်၊ ရဲရွာရေအားလျှပ်စစ်တွေ ရရှိတာမို့ လေထုကို ပူနွေးစေမယ့် ကာဗွန်ဓာတ်ငွေ့ မထုတ်လွှတ်ကြပါဘူး။ မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောင်ကျရေ တွေကို ပိတ်ဆို့တားဆီးပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မြန်မာဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း မှန်မှန်ကန်ကန် ဖြစ်လာမယ်လို့ ပြောနိုင်ပါတယ်။
လမ်းပေါ်မှာ ပြေးနေတဲ့ မော်တော်ကား
ကမ္ဘာကြီးပူနွေးခြင်းရဲ့ နံပါတ် (၂) အကြောင်းတရားကတော့ ကမ္ဘာတစ်ဝန်း လမ်းပေါ်မှာ ပြေးနေတဲ့ မော်တော်ကားစီးရေ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ စာရင်းဇယားအရ ကမ္ဘာမှာမော်တော်ယာဉ် အကြီး အသေး စုစုပေါင်း သန်း ၁၂၀၀ အထိ များပြားခြင်းပဲ။ လူဦးရေကလည်း ခုနစ်ဘီလီယံနီးပါးတိုးတက်ခဲ့ပါတယ်။ အဓိပ္ပာယ်က လူခြောက်ဦးဟာ ကားတစ်စီးပိုင်တဲ့သဘောပဲ။ အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၃၀၀၊ ကားစီးရေက သန်း၂၄၀ ဆိုပြန်တော့ အမေရိကန်ငါးဦးဟာ ကားလေးစီးပိုင်ပါတယ်။
တရုတ်က လက်ရှိမှာ ကားစီးရေသန်း ၁၈၀၊ နောင်မှာ သန်း ၅၀၀ ထိ ရောက်ဖို့ မျှော်မှန်းနေပါတယ်။ ဂျာမနီနဲ့ဂျပန်နိုင်ငံတို့ဟာ လူနှစ်ဦး ကားတစ်စီးနီးပါးပိုင်ကြပါတယ်။ သေချာစဉ်းစားကြည့်ပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်ဂါလန်သုံးတိုင်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ ၉-၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။
ကားငယ်တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့်ထားရင် ကီလိုမီတာ ၁၀၀ အထိ မောင်းနိုင်ပါတယ်။ ဒီကားဟာ ခြောက်ကီလိုမီတာ မောင်းလိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလိုဂရမ် မှုတ်ထုတ်လိုက်ပါတယ်။ အများသုံးဘတ်စကားတစ်စီးဟာ ဥပမာ YBS ဆိုပါတော့ ၁၀ - ၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဓာတ်ငွေ့ တစ်ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ဒီ ဘတ်စ်ကားဟာ ခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေကိုက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)