၁ ဩဂုတ်
သစ်တောဟုဆိုလျှင် ယေဘုယျအားဖြင့် လူသူမနီးသည့် တောကြီးမျက်မည်းဟုသာ ထင်မြင်ယူဆဖွယ်ရှိသည်။ အမှန်တွင် သစ်တောသည် လူတို့နှင့် ကင်းကွာ၍မရအောင် နီးကပ်ဆက်စပ်လျက်ရှိသည့် သစ်ပင်အစုအဖွဲ့များနှင့် လည်း ဆိုင်ပေသည်။ သစ်ပင်သစ်တောများသည် လူသားများအား လွန်စွာ အကျိုးပြုသည်မှန်သော်လည်း သစ်ပင်၊ သစ်တောများ၏ ကျေးဇူးတရားများ ကိုအလေးမမူကြဘဲ အကျိုးစီးပွားအတွက်သာ ရှေးရှုခဲ့ကြသည်။ ။
သစ်ပင် သစ်တောများသည် လူသားများအတွက် အသုံးကျစေသည် သာမက ရာသီဥတုကို မျှတခြင်း၊ မြေဆီလွှာများ မပျက်စီးအောင် ကာကွယ်ပေးခြင်း၊ စိမ့်စမ်း၊ အင်းအိုင်၊ မြစ်၊ ချောင်းများ အနယ်အနှစ်ပို့ချမှု နည်းပါး စေခြင်း၊ သဘာဝသက်ရှိသယံဇာတများဖြစ်သည့် သားငှက်တိရစ္ဆာန်များ ခိုနားရာနေရာဖြစ်ခြင်း၊ လူသားများကျန်းမာခြင်း၊ စိတ်ကြည်နူးဖွယ်ရာ ဂေဟဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ များစွာရှိနေခြင်းတို့ကို အရေးတယူ တွေးတောဆင်ခြင်မှုများ နည်းပါးလှသည်။
သစ်တောတစ်ခု ပြန်လည်ထူထောင်ရန်မှာ နှစ်ပေါင်း ၆၀မှ ၁၀၀ကျော် သည်အထိ အချိန်ကြာမြင့်အောင် စောင့်ဆိုင်းရသော်လည်း ထိုသစ်တောကို တစ်ရက်အတွင်း ခုတ်လှဲဖျက်ဆီးပစ်နိုင်သည်။ သစ်တောများကို လူတို့ အကျိုးစီးပွားအတွက် နှစ်စဉ်ခုတ်လှဲခဲ့သောကြောင့် ကမ္ဘာတွင် သစ်တောများ ပြုန်းတီးလာပြီး အကျိုးဆက်အနေဖြင့် ရာသီဥတုပြောင်းလဲခြင်း နောက်ဆက်တွဲ ရလဒ်များကို ကမ္ဘာ့လူသားအားလုံး ခံစားနေရသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံများသည် သစ်တောများကို ပြန်လည်ပြုစုပျိုးထောင်ကြသော်လည်း ပျိုးထောင်မှုနှင့် ခုတ်လှဲမှုမှာ မမျှတသဖြင့် ကမ္ဘာကြီးတွင် သစ်တောပြုန်းတီးမှု မြင့်တက်လျက်ရှိသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် ဇူလိုင်လ ၂၁ ရက်နေ့က ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း နိုင်ငံအဆင့်အစီရင်ခံစာများ၊ ဒေသအဆင့် အစီရင်ခံစာများနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့် ပင်မအစီရင်ခံစာတို့ကို ဘာသာစကားလေးမျိုးဖြင့် ၎င်း၏အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် နိုင်ငံပေါင်း ၂၃၆ နိုင်ငံ၏ သစ်တောသယံဇာတအခြေအနေကိုအညွှန်းကိန်း ငါးမျိုးဖြင့် အဓိကလေ့လာ ဆန်းစစ်ထားရာ မြန်မာနိုင်ငံ၏သစ်တောအခြေအနေကိုလည်း လေ့လာ ကြည့်နိုင်ပေသည်။ ။
ထိုလေ့လာဆန်းစစ်မှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ စုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း (နိုင်ငံကုန်းမြေဧရိယာ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်း) ဖြစ်ပြီး မြန်မာနိုင်ငံသည် နှစ်စဉ်အများဆုံး ကမ္ဘာ့ သစ်တောပြုန်းတီးမှုဧရိယာဖော်ပြသည့် နိုင်ငံစာရင်းတွင် အဆင့်(၇)ရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်း မှုမှာ စုစုပေါင်း ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံးနိုင်ငံစာရင်းတွင် အဆင့် (၃) ရှိခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ပြည်သူများ ရွေးချယ်တင်မြှောက်သည့် အစိုးရသက်တမ်းကာလအတွင်း ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံအဆင့်ကို လျှော့ချနိုင်ခဲ့ပြီး သစ်တောများကို ပြုစုထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ကြောင်း ပေါ်လွင်ထင်ရှားပေသည်။ ကမ္ဘာပေါ်တွင် သစ်တောများကို အလေးထားထိန်းသိမ်း စောင့်ရှောက်နေသော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်လာပြီး ဆက်လက်၍ ယခုထက် ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့ပါလျှင် မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုဧရိယာ မြင့်မားတိုးတက်လာပြီး နောင်ကာလတွင် နိုင်ငံဧရိယာ၏တစ်ဝက် သစ်တောဖုံးလွှမ်းလာမည် ဖြစ်သည်။
လက်ရှိကာလတွင် ကမ္ဘာကြီးတစ်ခုလုံးတွင် သစ်တောများပြုန်းတီးမှုကြောင့် ပုံမှန်ကမ္ဘာ့ရာသီဥတုမှာ ပြောင်းလဲနေသည်။ မိုးခေါင်ခြင်း၊ ရေကြီး ရေလျှံဖြစ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး ယင်းတို့ကို ကမ္ဘာ့လူသားအားလုံး ခံစားနေကြရသည်။ မြန်မာ နိုင်ငံတွင် ရေကြီးရေလျှံမှု ဖြစ်ပွားသောဒေသများတွင် မိုးသည်းထန်လွန်းသည်ဟု ယူဆကြသော်လည်း မိုးရာသီကာလတွင် မိုးခေါင်ရေရှား ဒေသများ ဖြစ်နေသည်မှာ သစ်တောပြုန်းတီးသဖြင့် ရာသီဥတုပြောင်းလဲလာခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သစ်တောဧရိယာများ တိုးတက်များပြားလာခြင်းသည် ကမ္ဘာလောကကြီး၏အကျိုးစီးပွားကို တိုးတက်ကောင်းမွန်လာစေပြီး လူသားများအားလုံးအတွက် ကျေးဇူးပြုခြင်းများ များစွာပေါ်ထွန်းလာမည် ဖြစ်ရာ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းကြိုးပမ်း လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။
ကြေးမုံ