နေပြည်တော် ၁၈ ဒီဇင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန သစ်တောသုတေသနဌာန၏ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန(ရေဆင်း)၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဝန်ကြီးဌာနအနေဖြင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် “သုတေသနမှသည် ဖွံ့ဖြိုးမှုဆီသို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း သုတေသနလုပ်ငန်းများကို အားပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သုတေသီများအနေဖြင့် သုတေသနလုပ်ငန်းများကို စနစ်တကျစဉ်ဆက်မပြတ် ဆောင်ရွက်ကြမှသာ လက်တွေ့နယ်ပယ်တွင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်မည်ဖြစ်ပါကြောင်း၊ မျက်မှောက်ကာလတွင် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများနှင့် စိန်ခေါ်မှုများကို ထိရောက်သည့် သုတေသနလုပ်ငန်းများ၏ ပံ့ပိုးကူညီမှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်သည့်အတွက် သုတေသနလုပ်ငန်းများကို ခေတ်နှင့်အညီ အရှိန်အဟုန်ဖြင့် တိုးမြှင့်ရန် လိုအပ်ပါကြောင်း။
ယနေ့ ဖတ်ကြားမည့်စာတမ်းများသည် ပညာရပ်နယ်ပယ်စုံလင်ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် စာတမ်းများဖြစ်ပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှ အရည်အချင်းပြည့်ဝသော လူငယ်မျိုးဆက်သစ်သုတေသီများ ပေါ်ထွန်းလာရေး ပြုစုပျိုးထောင်ပေးကြရန်နှင့် အနာဂတ်လူ့ဘောင်နှင့် နိုင်ငံတော်အတွက် အကျိုးများစေမည့် သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သစ်တောသုတေသနဌာနမှ ဦးစီးအရာရှိ ဒေါက်တာဇာခြည်လှိုင်က “သက်ကြီးစိုက်ခင်းများအတွင်း ဓမ္မတာမျိုးဆက်ခြင်းကို အထောက်အကူဖြစ်စေမည့် သစ်တောစိုက်ခင်းပြုစုနည်းစနစ်များအား နှိုင်းယှဉ်လေ့လာခြင်း” စာတမ်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီရိတိုးခိုင်က “ရာသီအလိုက် ခြောက်သွေ့တောများ၏ composition, diversityနှင့် structure များ ရှင်သန်ပေါက်ရောက်မှုအတွက် ဆုံးဖြတ်ပေးသည့်အရာများ” စာတမ်း၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်အုပ်ကြီး ဦးကျော်ဝင်းက “ပဲခူးရိုးမ အနောက်ဘက်ရှိ ကျွန်းစိုက်ခင်းများ သဘာဝမျိုးဆက်ပင်များ ရောနှောပေါင်းစပ် ဖွဲ့စည်းပုံနှင့် သဘာဝမျိုးဆက်ပင် အမျိုးအစားများအား လေ့လာဆန်းစစ်ခြင်း” စာတမ်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဒေါ်ဝေမိုးလှိုင်က “အမြင့်ပေ ခြားနားခြင်းအလိုက် တောတစ်တော၏ ပါဝင်သောသစ်မျိုးများ၊ သစ်မျိုးစုံလင်မှုနှင့် တော၏ဖွဲ့စည်းပုံ အခြေအနေပြောင်းလဲမှုတို့ကို လေ့လာဆန်းစစ်ခြင်း” စာတမ်းနှင့် သစ်တောသုတေသနဌာနမှ လက်ထောက်သုတေသန အရာရှိ ဒေါ်ခင်မာမြင့်က “တမလန်းပင်များတွင် သဘာဝအလျောက် အင်းဆက်ဖျက်ပိုးကျရောက်မှုနှင့် နှိမ်နင်းခြင်းနည်းလမ်းများအား လေ့လာခြင်း” စာတမ်းတို့ကို ဖတ်ကြားကြသည်။
ယင်းနောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သစ်တောသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က “စိုက်ခင်းတည်ထောင်ရာတွင် တောင်ယာခုတ်မီးရှို့ခြင်း နည်းလမ်းကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာခြင်း” စာတမ်း၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဒေါ်ခန့်ကိုလှိုင်က “Nutrients (နိုက်ထရိုဂျင်နှင့် ဖော့ဖရပ်)တို့ကို စုပ်ယူနိုင်စွမ်းအပေါ်တွင် ကြားခံနယ်သစ်တောအကျယ်များ၏ အကျိုးသက်ရောက်မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Taihu Lake၌ လေ့လာခြင်း” စာတမ်း၊ သစ်တောသုတေသနဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်သီတာဆွေက “ရေ၏ ရူပဓာတုနှင့်ရေညှိပေါက်ဖွားမှု အခြေအနေကို မူတည်၍ ရေဆင်းဆည်၏ ရေအရည်အသွေးအား ဆန်းစစ်ခြင်း” စာတမ်း၊ သစ်တောဦးစီးဌာနမှ ဦးထင်လင်းအောင်က “သြစတြေးလျမြောက်ပိုင်းရှိ တူးဖော်ပြီး ဘော့ဆိုက်သတ္တုတွင်းအား ပြန်လည်ထူထောင်ခြင်း အပူပိုင်းသစ်တော (wet/dry tropics) ၏ ဒေသမျိုးများ ပြန်လည်ပေါက်ရောက်မှုအပေါ် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းနည်းစနစ်၊ စူပါဖော့စဖိတ် မြေသြဇာသုံးစွဲခြင်းနှင့် မြေပြုပြင်ခြင်းတို့၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်စမ်းသပ်မှုဖြင့် လေ့လာခြင်း” စာတမ်းနှင့် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးချမ်းမောင်က “အသေးစားနှင့်အလတ်စား ရွှေသတ္တုတူးဖော်မှု လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရွေးချယ်မှုနှင့် သစ်တောများအပေါ် အကျိုးသက်ရောက်မှု” စာတမ်းတို့ကို ဖတ်ကြားကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောအရာရှိကြီးများ၊ သစ်တောပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် သုတေသီများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် (၃၁)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၀ အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့မှ စာတမ်းရှင်များနှင့် သုတေသီများက စာတမ်း(၃၆)စောင်ကို ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်