ရန်ကုန်    ၁၂   စက်တင်ဘာ 

သြစတြေးလျ ထိပ်တန်းတက္ကသိုလ် ကောလိပ်နှင့်အထက်တန်းကျောင်း (၂၃) ကျောင်းနှင့်သြစတြေးလျ သံရုံးတို့မှ ကူညီပံပိုးပေးမှုဖြင့် AVSS Myanmar မှကြီးမှူး၍ သြစတြေးလျပညာရေးပြပွဲကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် ကျင်းပမည်ဖြစ်သည်။

စက်တင်ဘာ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel  တွင် နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ လည်းကောင်း စက်တင်ဘာ (၁၅) ရက်နေ့တွင် မန္တလေးမြို့ Hilton Hotel တွင် နံနက် (၁၁) နာရီမှ မွန်းလွဲ (၃) နာရီအထိ လည်းကောင်းကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် Study in Australia ခေါင်းစဉ်ဖြင့် Aus Trade သြစတြေးလျသံရုံးမှ တာဝန်ရှိသူကလည်းကောင်း Study in Perth ခေါင်းစဉ်ဖြင့် Westem Australia မှ တာဝန်ရှိသူက လည်းကောင်း ဟောပြောမည်ဖြစ်သည်။

အဆိုပါ ပညာရေးပြပွဲတွင် ပညာသင်ဆုရရှိနိုင်မည့် ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများအကြောင်း အခြေခံပညာအထက်တန်းအောင်နှင့် IGCSE အောင်မြင်ထားသူများ လျှောက်ထားနိုင်မည့် ၅၀ ရာခိုင်နှုန်း ကျောင်းလခသက်သာစေမည့် အစီအစဉ်များအကြောင်း ကျောင်းဝင်ခွင့်လိုအပ်ချက်များ အခြေခံပညာသင်ဆု အခွင့်အလမ်းများ လေ့လာသင်ယူနိုင်မည့် ဘာသာရပ်များအကြောင်းတို့ကို သိရှိနိုင်မည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း၊ IGCSE, GCE A Level, SAT, IB Diploma အောင်မြင်ထားသူများ၊ HND ဒီပလိုမာရရှိပြီးသူများ၊ တက္ကသိုလ်မှ ဘွဲ့ရရှိထားပြီး သြစတြေးလျနိုင်ငံတွင် ပညာဆက်လက်သင်ကြားလိုသူများသည် ပြပွဲနေ့များတွင် ကျောင်းလာရောက် လျောက်ထားနိုင်ကြောင်း သိရှိရသည်။

အောင်သူရ