မဲလ်ဘုန်း  ဇန်နဝါရီ  ၂၂

ကျေးလက်ဒေသများတွင်  စံချိန်တင်အပူချိန်မြင့်မားမည့် ခန့်မှန်းချက်နှင့်အတူ ဇန်နဝါရီ  ၂၄ ရက်တွင်     ပြင်းထန်သောအပူလှိုင်း ကျရောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး သြစတြေးလျနိုင်ငံ  ဗစ်တိုးရီးယားပြည်နယ်အာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်က သတိ‌ပေးချက်တစ်ခု ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၄ ရက်မှစတင်ပြီး မဲလ်ဘုန်းသို့ ကျရောက်မည့် အပူချိန်မြင့်မားပြီး လေပြင်းတိုက်ခတ်မည့် မိုးလေဝသအခြေအနေများက အလွန်ဆိုးရွားသော တောမီးလောင်မှုအန္တရာယ်ကို ပြန်လည်ဖြစ်ပေါ်စေနိုင်သည်ဟု ဗစ်တိုးရီးယားအရေးပေါ်စီမံခန့်ခွဲမှုကော်မရှင်နာ တင်မ်ဝေဘစ်ရှ်က ဇန်နဝါရီ   ၂၂  ရက် မွန်းလွဲပိုင်းက   မဲလ်ဘုန်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မိုးလေဝသဗျူရို၏   ခန့်မှန်းချက်အရ မဲလ်ဘုန်း၏ အများဆုံးအပူချိန်သည်  ဇန်နဝါရီ  ၂၄ ရက်တွင် ၄၀  ဒီဂရီဆဲလ်စီးယပ်စ်သို့ ရောက်ရှိနိုင်ပြီး ဇန်နဝါရီ ၂၇ ရက်တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ပြင်းထန်သော တောမီးလောင်မှုသည် ဗစ်တိုးရီးယားအနောက်ပိုင်းမှ အနောက်တောင်ပိုင်း၌ ဇန်နဝါရီ  ၂၄ ရက်တွင် လည်းကောင်း၊ ယင်းပြည်နယ်၏ အရှေ့မြောက်ပိုင်း၌ ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဖြစ်ပွားနိုင်ကြောင်း ပြည်နယ်မီးသတ်အာဏာပိုင်အဖွဲ့က ကြေညာခဲ့သည်။

ဇန်နဝါရီအစောပိုင်းက ဖြစ်ပွားခဲ့သော ပြင်းထန်သောအပူလှိုင်းများကြောင့် ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်း တောမီးလောင်မှုဖြစ်ပွားခဲ့သည်။ တောမီး လောင်မှုကြောင့်  မြေဟတ်တာပေါင်း ၄ သိန်းခန့်နှင့်  အဆောက်အအုံ  ၁၀၀၀ ကျော် ပျက်စီးခဲ့သည်။                      

ဆင်ဟွာ