၂၁-၁၁-၂၀၂၀ ရက်၊ ကင်ဘာရာ
၁။ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ၊ မြန်မာသင်္ဘောသားများနှင့် နိုင်ငံတော် အစိုးရ၏ လုပ်ငန်းစီမံကိန်းများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသား ခရီးသည်များ စုစုပေါင်း (၁၂၉) ဦး လိုက်ပါသည့် မြန်မာအမျိုးသားလေကြောင်း Myanmar National Airlines (MNA) ၏ ဆဌမအကြိမ် အထူးကယ်ဆယ်ရေး လေယာဉ် UB-9802 သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ ထွက်ခွာခဲ့သည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါသည့် မြန်မာနိုင်ငံသားများ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် သံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
၃။ ကယ်ဆယ်ရေးလေယာဉ် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မူဝါဒနှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန တို့၏ လမ်းညွှန်ကွပ်ကဲမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့၏ ပံ့ပိုးမှုများ၊ မြန်မာအမျိုးသားလေကြောင်း၊ သြစတြေးလျနိုင်ငံ အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခု ဆဌမအကြိမ်အထိ မြန်မာနိုင်ငံသား စုစုပေါင်း (၇၄၀) ဦး နှင့် နိုင်ငံခြားသား ခရီးသည် (၂၆) ဦးတို့အား အောင်မြင်ချောမောစွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


