ဇန်နဝါရီ ၅
သြစတြေးလျနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သမိုင်းတစ်လျှောက် စတုတ္ထမြောက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပြီး လစဉ်ပျမ်းမျှအပူချိန်သည် ရေရှည်ပျမ်းမျှအပူချိန်ထက် ကျော်လွန်ခဲ့သည်ဟု ယနေ့တွင် တရားဝင်ထုတ်ပြန်သောအချက်အလက်အရ သိရသည်။
မိုးလေဝသဗျူရို (BoM) က ထုတ်ပြန်သော နှစ်ပတ်လည်ရာသီဥတုအကျဉ်းချုပ်တွင် ၂၀၂၅ ခုနှစ်၏ ပျမ်းမျှအပူချိန်သည် ၁၉၆၁-၁၉၉၀ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၂၃ ဒီဂရီစင်တီဂရိတ် ပိုမိုခဲ့ရာ စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်လာခဲ့သည်။
ရာသီဥတုအကျဉ်းချုပ်တွင် ၂၀၂၅ ခုနှစ်၏ အမျိုးသားပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၁၉၆၁-၁၉၉၀ ပျမ်းမျှထက် ၁ ဒသမ ၄၈ ဒီဂရီစင်တီဂရိတ် ပိုများခဲ့ပြီး မှတ်တမ်းတင်ထားသည့် စတုတ္ထမြောက် အပူဆုံးနှင့် ညီမျှကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် လအသီးသီးတွင်ရှိသောပျမ်းမျှအပူချိန်သည် ၁၉၆၁-၁၉၉၀ ပျမ်းမျှအပူချိန်ထက် ကျော်လွန်ခဲ့ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် အောက်တိုဘာလတို့သည် စံချိန်တင် အပူချိန်အမြင့်မားဆုံးထိပ်တန်းငါးခုတွင် ပါဝင်သည်။
သြစတြေးလျတွင် ပူနွေးလာမှုသည် ကမ္ဘာ့ခေတ်ရေစီးကြောင်းများနှင့် ကိုက်ညီကြောင်း၊ စံချိန်တင်အပူဆုံးနှစ်သည်၂၀၁၉ ခုနှစ်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအပူချိန်သည် ၁၉၆၁-၁၉၉၀ ပျမ်းမျှထက် ၁ ဒသမ ၅၁ ဒီဂရီစင်တီဂရိတ် ပိုမိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံလုံးဆိုင်ရာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်သည် ၁၉၆၁-၁၉၉၀ ပျမ်းမျှမိုးရေချိန်ထက် ၇ ဒသမ ၈ ရာခိုင်နှုန်း ပိုမိများပြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


