သြစတြေးလျသံရုံးကို ရွှေ့ပြောင်းမည့်အရေးက နိုင်ငံရေး အကွက်ရွှေ့မှုတစ်ခုလား

ကလျာမိုးမြင့်

 

သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အစ္စရေးမှာရှိနေတဲ့ သြစတြေးလျသံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်သို့ ပြောင်းရွှေ့မယ့်အလားအလာကို ထုတ်ဖော်လာပါတယ်။ ဒီလိုပြောင်းရွှေ့မယ့်စိတ်ကူးဟာ ဒေသဆိုင်ရာရွေးကောက်ပွဲမှာ အောင်ပွဲရဖို့ နိုင်ငံရေးအရ အကွက်ရွှေ့မှုတစ်ခုလားဆိုတဲ့ ဝေဖန်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။

 

သြစတြေးလျရဲ့ သဘောထားကို ဖော်ပြရာရောက်

သြစတြေးလျသံရုံးကို ဂျေရုဆလင် သို့ ရွှေ့ပြောင်းလိုက်မယ်ဆိုရင် အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်းမှာ ကာလကြာရှည်စွာ တည်ရှိ လာခဲ့တဲ့ သြစတြေးလျရဲ့ ရပ်တည်မှု သဘောထားကို ဖော်ပြလိုက်သလို ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ တခြားသူ တွေကိုလည်း ဒီအတိုင်းလိုက်လုပ်ကြဖို့ တွန်းအားပေးလိုက်တာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

 

မစ္စတာ မော်ရစ်ဆင်က ၄င်းဟာ သံရုံးရွှေ့ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိမှာဖြစ်သလို နှစ်နိုင်ငံ ပဋိပက္ခကို အဖြေရှာတဲ့နေရာမှာလည်း ဆက်လက် ပါဝင်နေဦးမှာ ဖြစ်တယ်လို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပဋိပက္ခကို အဖြေရှာဖို့ ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ အကျိုးဖြစ်ထွန်းမှုကိုတော့ သိပ်မတွေ့ရသေးဘူး။ အရင်ပုံစံတစ်မျိုးတည်းနဲ့ သွားနေမယ်ဆိုရင် ကွဲပြားခြားနားတဲ့ ရလဒ်တွေကိုလည်း မျှော်လင့်လို့ ရမှာမဟုတ်ဘူးလို့ မော်ရစ်ဆင်က ဆိုပါ တယ်။

 

ထရမ့် နောက်မဆုတ်ခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဂျေရု ဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်ရင် အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ ပါလက် စတိုင်းပြည်သူတွေနဲ့ ပါလက်စတိုင်း ထောက်ခံတဲ့သူတွေကို ဒေါသူပုန် ထစေလိမ့်မယ်လို့ အတန်တန် သတိပေးမှုတွေ ထွက်ပေါ်နေပေမယ့် ထရမ့်ကတော့ နောက်မဆုတ်ခဲ့ ပါဘူး။

 

မစ္စတာ မော်ရစ်ဆင်ဟာ လစ်ဘရယ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ဒေ့ဗ်ရှမားကို အဆိုပြုချက်နဲ့ ပတ်သက်ပြီး စဉ်းစားဖို့ ဆွဲဆောင်စည်းရုံး ခဲ့ပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ သံတမန် ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးတဲ့ မစ္စတာ ရှမား ဟာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကွန်တန်ဘူလ် ကာလရှည်ကြာ နေရာယူထားခဲ့တဲ့ ရာထူးနေရာအတွက် ဒေသရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေသူ ဖြစ်ပါတယ်။

 

မဟာမိတ်အစိုးရ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့နိုင်

ရွေးကောက်ပွဲမှာ လစ်ဘရယ်ပါတီ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လစ်ဘရယ်နဲ့ နေရှင် နယ်ပါတီတွေပါဝင်တဲ့ ကွန်ဆာဗေးတစ် မဟာမိတ်အစိုးရဟာ ပါလီမန်လွှတ်တော် မှာ ¤င်းရဲ့ နေရာကို လက်လွှတ်ဆုံးရှုံးရ တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါက ဘာကိုဆိုလိုနေသလဲဆိုတော့ ကွန်ဆာဗေးတစ်အစိုးရဟာ ဥပဒေနဲ့ ဖက်ဒရယ်ဘတ်ဂျက်ကို ကျော်ဖြတ်ဖို့ အခြားအဖွဲ့ဝင်တွေဆီကနေ တစ်ဦးချင်း မဲပေးမှုတွေအတွက် ညှိနှိုင်းသွားရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

 

မစ္စတာ တန်ဘူလ်ဟာ ဝမ်ဝေါ့သ် မဲဆန္ဒနယ်မှာ ¤င်းရဲ့ နေရာကို ၁၄ နှစ်ကြာအောင် ယူထားခဲ့ပါတယ်။ ဒါပေမယ့် သြဂုတ်လ အတွင်းမှာ ပါတီခေါင်းဆောင်နေရာနဲ့ ဝန်ကြီးချုပ်နေရာကနေ ဖယ်ရှားခံလိုက်ရပြီးနောက်မှာ တော့ အဲဒီထိုင်ခုံကနေ ထွက်ခွာခဲ့ရပါတယ်။ မဟာမိတ်အဖွဲ့ရဲ့ အလားအလာ သိပ်မကောင်းလှတဲ့ နေရာအများစုကို ဆက်လက် ထိန်းထားနိုင်ရေး အတွက် ပါလီမန်လွှတ်တော်အတွင်းမှာ ဆက်လက်ကျန်ရှိနေတာထက် မစ္စတာ တန်ဘူလ်ဟာ ရာထူးကနေနုတ်ထွက်ပြီး မန်ဟက်တန် အနောက်ခြမ်းမှာရှိတဲ့ နေအိမ်တိုက်ခန်းဆီကို တိတ်တဆိတ် ထွက်ခွာသွားခဲ့ပါတယ်။

 

မဲဆန္ဒရှင်တွေ သတိထားနေ

မစ္စတာ တန်ဘူလ်ဟာ ဝါရှင်တန် နိုင်ငံရေးဆိုင်ရာအကြံပေးအဖွဲ့က လက်ခံကျင်းပတဲ့ အင်ဒိုနီးရှားနဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ ဖိုရမ်မှာ မကြာသေးမီက ပေါ်လာခဲ့ပါသေးတယ်။ မဲဆန္ဒရှင်အချို့က မစ္စတာ မော်ရစ်ဆင်ရဲ့ အကွက်ရွှေ့မှု တွေနဲ့ ပတ်သက်ပြီး သတိထားနေကြ တာကို တွေ့ရပါတယ်။ ပတ်ဝန်းကျင် ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မစ်ချယ်မုဘ်စ်က မစ္စတာ မော်ရစ်ဆင်ရဲ့ ကြေညာချက်ဟာ အခွင့်ကောင်းယူလိုမှု ဆန်တဲ့ နိုင်ငံရေးခံယူချက်ဖြစ်တယ်လို့ ဆစ်ဒနီမြို့မှာရှိတဲ့ ဝိုင်ဘားတွေနဲ့ ဈေးဆိုင်တွေမှာ ဝေဖန်ရေး လုပ်ဆောင်ခဲ့ပါတယ်။

 

ဝမ်ဝေါ့သ်ဟာ ဂျူးလူမျိုး မဲဆန္ဒရှင်အများစုတို့ စုဝေးရာနေရာဖြစ်ပြီး မစ္စတာ မုဘ်စ်က ၎င်းအနေနဲ့ အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်ကို မဲပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအချိန်ဟာ နိုင်ငံရပ်ခြားမှာ သံရုံး စိုက်မယ့်အကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူး။ ဒါဟာ အရှက်ရ အောင်လုပ်တာ၊ ချိုးနှိမ်တာဖြစ်တယ်။ လူမျိုးရေးဆိုင်ရာ နိုင်ငံရေးလုပ်ဆောင် မှုဖြစ်တယ်လို့ ဆိုပါတယ်။

 

ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေရှိ

ဒါပေမယ့် ဒီကြေညာချက်အပေါ်မှာ ထောက်ခံကြိုဆိုကြသူတွေလည်း ရှိနေ ပါတယ်။ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့မယ့် ကြေညာချက်ဟာ ရဲရင့်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်။ ဒီအတွက် ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ ဂုဏ်ယူတယ်လို့လည်း တချို့က ပြောဆိုကြပါတယ်။ ပြီးတော့ တချို့က ဒီလုပ်ဆောင်ချက်ဟာ ဝမ်ဝေါ့သ်မှ အောင်ပွဲရဖို့ ခိုင်မာသေချာအောင် နိုင်ငံရေးအရ အကွက်ရွှေ့ လုပ်ဆောင်မှု ဖြစ်တယ်ဆိုတာကို လက်မခံပါဘူး။

 

ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်လာ

မစ္စတာ မော်ရစ်ဆင်ရဲ့ ရပ်တည် ချက်ဟာ လစ်ဘရယ်ပါတီခေါင်းဆောင် တွေကို ထိပ်တိုက်ရင်ဆိုင်လိုက်တာဖြစ် တယ်လို့ အချို့က မှတ်ချက်ပြုပါတယ်။မစ္စတာ မော်ရစ်ဆင် ကိုယ်တိုင် ကလည်း လစ်ဘရယ်ပါတီဟာ ဒီလို လုပ်ဆောင်လိုက်တာကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

 

သြစတြေးလျသံရုံးကို ပြန်ပြီးနေရာ ရွှေ့ပြောင်းအခြေချဖို့ ကြိုးပမ်းမှုဟာ အဆန်းတော့မဟုတ်ဘူးလို့ ဆစ်ဒနီမှာရှိတဲ့ လိုဝီတက္ကသိုလ်က သုတေသနအဖွဲ့ တစ်ဖွဲ့က ဆိုပါတယ်။ အီရန်နျူကလီးယား စာချုပ်ကို ကန့်ကွက်တာနဲ့ သံရုံးကို ရွှေ့ပြောင်းဖို့ လုပ်တာတွေဟာ သြစတြေးလျနိုင်ငံသား ဂျူးလူမျိုးတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိလာတဲ့ ရပ်တည်ချက် သဘောထား တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

 

မဟာမိတ်ဆက်ဆံရေးကို နက်ရှိုင်းစေ

သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခြင်းက အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျရဲ့ မဟာမိတ်ဆက်ဆံမှုကို အကျိုးရှိစေမှာ ဖြစ်ပြီး ထရမ့်အစိုးရနဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ဖြစ်ထွန်းလာစေလိမ့်မယ်။ ဒါ့အပြင် သြစတြေးလျဟာ အဲဒီ မဟာမိတ် ဆက်ဆံမှုမှသည် ၎င်းရဲ့ နိုင်ငံခြားရေးနဲ့ အမျိုးသားလုံခြုံ ရေးဆိုင်ရာ မူဝါဒတွေကို အားဖြည့်နိုင်မယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်ကို ပေါ်ထွက်စေပါတယ်။    ။

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ