ရန်ကုန် ၃ နိုဝင်ဘာ
နိုင်ငံတကာ ဒိုင်ယာလော့စင်တာနှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်တို့ ဖိတ်ကြားချက် အရ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၊ Grand Hotel Wienတွင် အောက်တိုဘာ (၃၀)မှ (၃၁)ရက်အထိကျင်းပခဲ့သည့် “အမုန်းစကားတိုက်ဖျက်ရေးဆိုင်ရာ ညီလာခံ” သို့ (KAICIID Conference on Countering Hate Speech) ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ နိုင်ငံတကာရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ နိုင်ငံတကာရေးရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်းနှင့် ကင်းထောက်ကြီးများ၊ မိသားစုများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ ပညာရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့များ၊ ကမ္ဘာ့ကုလသမဂ္ဂ အေဂျင်စီများနှင့် ဥရောပနှင့် အာရပ်ဒေသများရှိ ဖိတ်ကြားထားသော နိုင်ငံများမှ ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များ အသီးသီး တက်ရောက်ခဲ့ကာ ဗီယင်နာမြို့ရှိ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းဌာနေကိုယ်စားလှယ် ဦးဆန်းလွင်လည်း တက်ရောက်ခဲ့သည်။
ယင်းညီလာခံတွင် ကိုယ်စားလှယ်များက ယနေ့လက်ရှိ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ အမုန်းစကား မပြန့်ပွားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍများ၌ နိုင်ငံတကာနှင့် ဒေသတွင်းကပါ ကြိုးစားအားထုတ်နေမှုအပေါ် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


