၈ ဧပြီ

 

ကမ္ဘာ့ကျန်းမာရေးပြဿနာ

 

ကမ္ဘာနှင့်တစ်ဝန်း လူလေးဦးတွင်တစ်ဦးသည် အာဟာရချို့တဲ့ခြင်း အကြောင်းရင်းခံရှိသော သွေးအားနည်းရောဂါ ခံစားနေကြရသည်။

 

ကမ္ဘာ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသည်သွေးအားနည်းရောဂါရှိနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀ဝ၅ ခုနှစ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကမ္ဘာနှင့်တစ်ဝန်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ၄၁ ဒသမ ၈ သည် လည်းကောင်း၊ အသက် ၁၅-၄၅နှစ်အရွယ် အမျိုးသမီးများ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းသည်လည်းကောင်း သွေးအားနည်းရောဂါ ရှိနေကြောင်း ဖော်ပြထားသည်။ အဆိုးဆုံးမှာ ငါးနှစ်အောက်အရွယ်ကလေးများတွင်ဖြစ်ပြီး ၄၇ ဒသမ ၄ ရာ ခိုင်နှုန်းရှိသည်။ ကလေးနှစ်ဦးတွင် တစ်ဦးသည် သွေး အားနည်းနေကြခြင်း ဖြစ်သည်

 

မြန်မာနိုင်ငံတွင်လည်း National Plan of Action for Food and Nutrition (NPAFN) National Nutrition Centre(NNC)  တို့၏ ထုတ်ပြန်ချက်တွင်ကိုယ်ဝန်ဆောင်မိခင်များ၏ ၇၁ ရာခိုင်နှုန်းသည်လည်း ကောင်း၊ အသက် ၁၅-၄၅နှစ်အရွယ် အမျိုးသမီးများ၏ ၄၅ ရာခိုင်နှုန်းသည်လည်းကောင်း၊ ငါးနှစ်အောက်ကလေးများ၏ ၇၅ ရာခိုင်နှုန်းသည်လည်းကောင်း သွေးအားနည်းရောဂါရှိနေကြောင်း ဖော်ပြထားသည်

စားအသောက်မှ သံဓာတ်အလုံအလောက်မရရှိခြင်းကြောင့်ဖြစ်သော ထိုရောဂါသည် ကာကွယ်နိုင်စွမ်းရှိသလို ကုသနိုင်စွမ်းလည်းရှိသော ရောဂါဖြစ်သည်။ သို့ရာတွင် ယနေ့ကမ္ဘာ၏ ကြီးမားသောကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်နေသည်။

 

လက္ခဏာများနှင့်ဆိုးကျိုးများ

 

ကြီးထွားနေသောအရွယ် ကလေးများ၊ ကြီးကောင်ငင်အရွယ် မြီးကောင်ပေါက်များ၊ မိခင်လောင်းများနှင့်ကိုယ်ဝန်ဆောင်မိခင်များ၊ သက်သတ်လွတ်စားသူများနှင့် သွေးအလှူရှင်များသည် သွေးအားနည်းရောဂါ ဖြစ်လွယ်ကြသည်။

သားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးဝေခြင်း၊ အစား အသောက်ပျက်ခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်အားထက်သန်မှုလျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာပြီး နိစ္စဓူဝလုပ်ငန်းတာဝန်များကို ထိခိုက်လာတော့သည်။ အဆိုးရွားဆုံးမှာ နှလုံးရောဂါဝင်ရောက်လာပြီး အသက်ဆုံးရှုံးနိုင်ခြင်း ဖြစ်သည်။

 

ကလေးသူငယ်များသည် သွေးအားနည်းရောဂါကြောင့်ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ပြီး ပုညှက်ခြင်း၊ ကြုံလှီခြင်း၊ ဉာဏ်ရည်မပြည့်ခြင်းတို့ ကြုံတွေ့ကြရသည်။

 

သွေးအားနည်းသော ကိုယ်ဝန်ဆောင်မိခင်များသည်လမစေ့ပေါင်မပြည့်သော၊ သွေးအားနည်းသော ကလေးများ ကို မွေးဖွားကြရသည်။ မီးဖွားနေစဉ်နှင့် မီးတွင်းကာလတွင်ဆိုးရွားသော ကျန်းမာရေးချို့တဲ့မှုများနှင့် ရင်ဆိုင်ကြရသည်။

 

သွေးအားနည်းရောဂါသည် အစားအသောက်တွင်ပါဝင်သော သံဓာတ်ချို့တဲ့ခြင်းကြောင့် အများဆုံးဖြစ်သော်လည်း အခြားအကြောင်းများလည်း ရှိနေသည်။ ထို့ကြောင့် သွေးအားနည်းလက္ခဏာများ ဖြစ်ပေါ်နေလျှင်ဆရာဝန်နှင့် ရှေးဦးစွာ တိုင်ပင်ပြသသင့်သည်။ သွေးအားနည်းစေသော အခြားအကြောင်းများရှိနေလျှင်လည်း ကုသမှုခံယူရမည်ဖြစ်သည်။

 

ခန္ဓာကိုယ်လိုအပ်သော သံဓာတ်

 

သွေးနီဥကလေးများဖွဲ့စည်းရန် အစားအသောက်မှသံဓာတ် အလုံအလောက်ရရှိရန် လိုအပ်သည်။

 

သွေးနီဥကလေးများသည် ခန္ဓာကိုယ်အနှံ့ဆဲလ်များသို့ အောက်ဆီဂျင်ပို့ဆောင်ပေးနေသော ဆဲလ်များဖြစ်ကြ သည်။ သွေးနီးဥအတွင်းရှိ သံဓာတ်ပါဝင်ဖွဲ့စည်းထားသော “ဟေမိုဂလိုဘင်” မော်လီကျူးသည် အဆုတ်မှ အောက်ဆီဂျင်ကိုဖမ်းယူ၍ ခန္ဓာကိုယ်အနှံ့သို့ သယ်ဆောင်ပေးသည်။ သံဓာတ်ချို့တဲ့သောအခါ “ဟေမိုဂလိုဘင်” ဖွဲ့စည်းနိုင်မှုလျော့နည်းလာသည်။ ထိုအခါ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ ဆဲလ်များသည် အောက်ဆီဂျင် အလုံအလောက်မရရှိသော အခြေအနေနှင့် ကြုံတွေ့ကြရသည်။ သွေးအားနည်းရောဂါသည် သွေးထဲတွင် “ဟေမိုဂလိုဘင်” လျော့နည်းနေခြင်းကိုအခြေခံ၍ ဖြစ်ပေါ်လာသော ရောဂါဖြစ်သည်။ ဦးခေါင်းမှ ခြေဖျားအဆုံး တစ်ကိုယ်လုံးကိုထိခိုက်သော ရောဂါဖြစ်သည်။

 

အစားအစာများအတွင်းမှ သံဓာတ်

 

သံဓာတ်သည် အစားအစာများစွာတို့တွင် ပါဝင်နေသည်။

 

သံဓာတ်ပြည့်ဝသော အစားအစာများကို ဂရုတစိုက်စားသုံးခြင်းသည် သွေးအားနည်းရောဂါကို ထိရောက်စွာ ကာကွယ်နိုင်သည်။ သို့ရာတွင် သွေးအားနည်းရောဂါ ခံစားနေရသူများသည် အစားအစာများအပြင် သွေးအားပြည့်စေသော သံဓာတ်ဆေးများကိုပါ ဖြည့်စွက်မှီဝဲရမည်ဖြစ်သည်။

အမဲသား၊ ဆိတ်သား၊ အဆီလွတ်ဝက်သား၊ ခုတ်သားငါးများ၊ ပင်လယ်စာများ၊ အသည်း(အမဲ၊ ကြက်၊ ဝက်၊ ဆိတ်)၊ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥ၊ ဘဲသွေး (သွေးခဲ)တို့သည် သံဓာတ်ပြည့်ဝသော ဟင်းစားများဖြစ်ကြသည်။

ပါဝင်သော သံဓာတ်ကိုလည်း အစာလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်သည်။

 

ဟင်းသီးဟင်းရွက်တို့တွင် ဒန့်သလွန်ရွက်သည်ထိပ်ဆုံးမှပါဝင်နေသည်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဘူးရွက်၊ ဂေါ်ရခါးရွက်၊ ကိုက်လံ၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက်တို့သည်လည်းကောင်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲစိမ်း၊ ပဲနောက်၊ ပဲလွန်း၊ ပဲကတ္တီပါ၊ ကုလားပဲ၊ ဆင်ခေါင်းပဲ တို့သည်လည်းကောင်း၊ ပဲပြား၊ ပဲပုပ်၊ ပဲငါးပိ၊ ပုံးရည်ကြီးတို့သည်လည်းကောင်း သံဓာတ်ကြွယ်ဝသော မြန်မာအစားအစာ များဖြစ်ကြသည်။ သို့ရာတွင် ၄င်းတို့တွင်ပါဝင်သော သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူ မစုပ်ယူနိုင်ပေ။

 

မှန်ကန်သော စားသောက်နည်းပုံစံအစာလမ်းကြောင်းမှ သံဓာတ်စုပ်ယူခြင်းကို ဟန့်တားနေသည့် အစားအစာများရှိနေသလို အားပေးသော အစားအစာများလည်းရှိနေသဖြင့် မှန်ကန်စွာ စားသောက်တတ်ရန် လိုအပ်လာသည်။

 

လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်သုပ်၊ ရေနွေးကြမ်း တို့တွင်ပါဝင်သော အက်စစ်ဓာတ်သည် သံဓာတ်စုပ်ယူမှုကိုအနှောင့်အယှက်ပေးနိုင်စွမ်းရှိသည်။ ထိုကြောင့် ထမင်းစားပြီး လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းသောက်ခြင်း တို့ကို ရှောင်ကြဉ်သင့်သည်။

 

နွားနို့နှင့် ဒိန်ချဉ်တို့တွင်ပါဝင်သော ထုံးဓာတ်(ကယ်လ်ဆီယမ်)သည်လည်း သံဓာတ်စုပ်ယူနိုင်ခြင်းကိုလျော့နည်းစေသည်။ ထို့အတူ ထုံးဓာတ်ပါဝင်မှုမြင့်မားသော တွင်းရေကိုသောက်သုံးခြင်းသည်လည်း ခန္ဓာကိုယ်မှသံဓာတ်ရယူနိုင်မှုကို အဟန့်အတားဖြစ်စေသည်။

 

သို့သော် ဗီတာမင်စီသည် သံဓာတ်စုပ်ယူနိုင်ရန်များစွာအထောက်အကူပေးသော ဗီတာမင်ဖြစ်သည်။ ထို့ကြောင့် ဗီတာမင်စီပါဝင်မှုမြင့်မားသော သံပုရာသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း တို့ကို တွဲဖက်စားသောက်သင့်သည်။ အရည်ရွှမ်းသော အသီးအနှံတစ်မျိုး(လိမ္မော်သီး၊ ရှောက်ချိုသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ကီဝီသီး)ကိုလည်း ထမင်းစားပြီး စားသင့်သည်။

 

ချဉ်ဓာတ်ဖြစ်သော ရှာလကာရည်သည်လည်း သံဓာတ်ကို လွယ်ကူစွာစုပ်ယူနိုင်ရန် အားပေးသည် အသား၊ ငါးတို့တွင်ပါဝင်သော သံဓာတ်သည်ဟင်းသီးဟင်းရွက်နှင့် ပဲများတွင်ပါဝင်သော သံဓာတ်စုပ်ယူမှုကို အားပေးနေကြောင်းလည်း တွေ့ရှိရသည်။ ထို့ကြောင့်ပဲဟင်းချက်သည့်အခါ အမဲသား၊ ဆိတ်သား ရောနှော ချက်ခြင်း၊ ဟင်းရွက်ကြော်သည့်အခါ အသား၊ ဥတစ်မျိုးမျိုး ရောနှော၍ကြော်ခြင်းတို့သည် အသားမှ သံဓာတ်ကို ရရှိစေသလို ဟင်းရွက်မှ သံဓာတ်စုပ်ယူမှုကိုလည်း ပိုကောင်းလာစေသည်။

 

ဟင်းခတ် သံငါးကလေးကနေဒါနိုင်ငံသား ခရစ်တိုဖါချာလ်းစ်သည် ၂၀ဝ၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ မဟာသိပ္ပံဘွဲ့အတွက် သုတေသနပြုလုပ်ရန် ဖြစ်သည်။

 

သူရောက်ရှိလာသော “ကန်ဒါး” ပြည်နည်၏ကျေးရွာများတွင် တွေ့မြင်လိုက်ရသော ကလေးသူငယ်များနှင့်အမျိုးသမီးများ၏ မြင်ကွင်းသည်။

 သူ၏နှလုံးသားကိုထိခိုက်သွားစေသည်။ ကလေးအများစုသည် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေရမည့်အစား သွေးအားနည်း ရောဂါကြောင့် ကြုံလှီ၍ အင်အားချည့်နဲ့နေကြသည်။ အမျိုးသမီးအများစုမှာလည်း ဖြူရော်၍ နွမ်းနယ်နေပြီး အလုပ်လုပ်နိုင်စွမ်း မရှိကြချေ။ တွေ့မြင်ခံစားလိုက်ရသော ထိုပုံရိပ်သည် သူ၏သုတေသနလုပ်ငန်း ဦးတည်ချက်ကိုဆုံးဖြတ်ပေးလိုက်သည်။ သွေးအားနည်းရောဂါ ခံစားနေရသော ထိုသူများအတွက် အဖြေတစ်ခုရှာဖွေပေးရန်ဖြစ်သည်။

 

ကောင်းမြတ်သော စေတနာ၏ စေ့ဆော်တိုက်တွန်းမှုသည် ခရစ်တိုဖာအား လမ်းစတစ်ခု ဖော်ဆောင်ပေးလိုက်သည်။ သံအိုးဖြင့် ချက်ပြုတ်သော ထမင်းဟင်းများသည်ဒန်အိုး၊ မြေအိုးတို့ဖြင့် ချက်ပြုတ်ခြင်းထက် သံဓာတ်ပါဝင်မှုပိုမိုမြင့်မားနေကြောင်း ယခင်ကပြုလုပ်ထားပြီးသော သုတေသနအထောက်အထားများက ဖော်ပြထားသည်။ ထိုအချက်အပေါ်အခြေခံ၍ “ဟင်းခတ်သံငါးကလေး” ကိုသူတီထွင်လိုက်သည်။

 

“ဟင်းခတ်သံငါးကလေး” သည် သံရိုင်းနှင့် ပြုလုပ်ထားပြီး သုံးလက်မအရွယ်ရှိသည်။ အလေးချိန် တစ်ဆယ့်နှစ်ကျပ်သား ခန့်ရှိသည်။ ထိုသံငါးကလေးကို ဟင်းချက်ရာတွင် ဟင်းအိုးထဲသို့ သံပုရာရည် (သို့မဟုတ်) ရှောက်ရည်(သို့မဟုတ်) ရှာလကာရည် နှစ်စက်၊ သုံးစက်နှင့်အတူဆယ်မိနစ်ခန့် ထည့်ချက်၍ ပြန်လည်ဆယ်ယူထားလိုက်ခြင်းအားဖြင့် ဟင်းထဲတွင် သံဓာတ်ပါဝင်မှုကို မြင့်မားလာစေရန် ဖြစ်သည်။

 

ခရစ်တိုဖာသည် သူ၏ဟင်းခတ်သံငါးကလေးကိုအသုံးပြု၍ ကမ္ဘောဒီးယားနိုင်ငံ ကန်ဒါးပြည်နယ်၏ ကျေးရွာ သုံးရွာတွင် သုတေသနပြုလုပ်လိုက်သည်။ သွေးအားနည်းသော အမျိုးသမီးပေါင်း ၃၀၄ ဦးပေါ်တွင်ပြုလုပ်သောတွေ့ရှိချက်ကို Tropical Medicine & Surgery,2015 August တွင် ဖော်ပြခဲ့သည်။ အမျိုးသမီးများ၏ ၄၆ ရာခိုင်နှုန်းသည် သွေးအားပြည့်မီလာ ကြကြောင်း ဟေမိုဂလိုဘင် ပမာဏကိုတိုင်းတာ၍ ဖော်ပြခဲ့သည်။ ကောက်ချက်မှာ ဟင်းခတ်သံငါးကလေးသည်အစားအစာများတွင်ပါဝင်သော သံဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး သွေးအား(ဟေမိုဂလိုဘင်)ကို မြှင့်တင်ပေးနိုင်သည်ဟူ၍ ဖြစ်သည်။

 

အလားတူ သုတေသနလုပ်ငန်းကို မြောက်အမေရိက တိုက်ဂွါတီမာလာနိုင်ငံတွငီ်မ Dr Ana Maria က ဦးဆောင်၍ ပြုလုပ်ခဲ့သည်။ သွေးအားနည်းသူအမျိုးသမီး ၃၀၂ ဦးတို့အား ဟင်းခတ်သံငါးကလေးကို တစ်နှစ်ကြာအောင် အသုံးပြုစေပြီးနောက် ဟေမိုဂလိုဘင်ကို တိုင်းကြည့်ခဲ့သည်။ ရှစ်ဆယ်ရာ ခိုင်နှုန်းမှာ ဟေမိုဂလိုဘင်ပြည့်မီလာကြောင်း တွေ့ရှိခဲ့သည်။ ကောက်ချက်မှာ ဟင်းခတ်သံငါး ကလေးသည် သွေးအားနည်းရောဂါကို ကုသနိုင်သည်ဟုဖြစ်သည်။ သူ၏တွေ့ရှိချက်ကို Journal of Global Health Report, 2018. Vol 2 တွင် ဖော်ပြခဲ့သည်။

 

Dr Armstrong နှင့်အဖွဲ့သည် ဟင်းခတ်သံငါး ကလေးကိုအသုံးပြုခြင်းဖြင့် အန္တရာယ် ရှိ၊ မရှိ လေ့လာ ခဲ့ကြသည်။ Asia Pacific Journal of Clinical Nutrition. 2017 Jan; 26(1):148-155 တွင် ထုတ်ပြန်သော သူ၏တွေ့ရှိချက်တွင် ဟင်းခတ်သံငါးကလေးကိုအန္တရာယ်ကင်းစွာ သုံးနိုင်ကြောင်းနှင့် ဟင်းအနံ့အရသာ တို့ ပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားသည်။

 

သို့ရာတွင် အခြားသုတေသန နှစ်ခုတွင် ဟင်းခတ်သံငါးကိုသုံးခြင်းဖြင့် အကျိုးမရှိနိုင်ကြောင်း ဖော်ပြထားသည်။ တစ်ခုမှာ ဟင်းချက်ရာတွင် တွင်းရေကို အသုံးပြုလျှင် တွင်းရေတွင်ပါဝင်သော အချို့ဒြပ်စင်နှင့် ဓာတ်ပေါင်း များသည် သံငါးအတွင်းမှထွက်လာသော သံဓာတ်အား အစားအစာထံသို့ မရောက်ရှိအောင် ဟန့်တားထားကြောင်း ဖော်ပြထားသည်။ အခြားတစ်ခုမှာ သွေးအားနည်းခြင်းသည် အာဟာရတွင်ပါဝင်သော သံဓာတ်ချို့တဲ့ခြင်းကြောင့်မဟုတ်ဘဲ အခြားအကြောင်းကြာင့်ဖြစ်လျှင် ဟင်းခတ်သံငါးကိုသုံးခြင်းဖြင့် အကျိုးမရှိနိုင်ကြောင်း ဖြစ်သည်။

 

မျှဝေလိုသည်မှာဤဆောင်းပါးဖြင့် မျှဝေလိုသည်မှာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော သွေးအားနည်းရောဂါသည်မြန်မာနိုင်ငံတွင်သာမက ကမ္ဘာနှင့်အဝှမ်းတွင် ကြီးမားသော ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်နေသည်။

 

အစားအစာထဲမှ သံဓာတ်အလုံအလောက် မရရှိသောကြောင့်ဖြစ်သော သွေးအားနည်းခြင်းကို သံဓာတ်ပြည့်ဝသော အာဟာရများကို မှန်ကန်စွာစားသောက်ခြင်းဖြင့် ထိရောက်စွာ ကာကွယ်ထားနိုင်သည်။

 

ဟင်းခတ်သံငါးကလေးသည် အာဟာရထဲတွင်သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော သွေးအားနည်း ရောဂါကို ကုသနိုင်ကြောင်း သုတေသနအထောက်အထားအရ တွေ့ရှိထားကြောင်း ဖော်ပြလိုရင်းဖြစ်ပါသည်။

 

ကျမ်းကိုးစာရင်း

 

1.Worldwide prevalence of anaemia. 1993-2005. WHO Global Database on Anaemia.

 

2. National Plan of Action for Food and Nutrition (2011-2015).

 

3. Lucky iron fi sh. https://en.wikipedia.org/wiki/Lucky_Iron_fi sh

 

4. A Randomized Control Trial Using a Fish-Shaped Iron Ingot for the Amelioration of Iron Deficiency Anaemia in Rural Cambodian Women.

 

Charles, et al., Trop Med Surg 2015, Vol 3; Issue 3. http://dx.doi.org/10.4172/2329-9088.1000195

 

5. Testing the efficacy of Lucky Iron Fish in reversing iron deficiency anemia in rural, impoverished regions of Guatemala. http://www.joghr.org/article/2/joghr-02-e2018014

 

6. Iron release from the Lucky Iron Fish: safety considerations.https://www.ncbi.nlm.nih.gov/pubmed/28049274#

 

7. Why an iron fish can make you stronger?. BBC News. 17 May, 2015.

 

8. Lucky Iron Fish is a Natural Source of Iron. https://luckyironfi sh.com

 

ပါမောက္ခဒေါက်တာမောင်