မန္တလေး ၁၁ ဖေဖော်ဝါရီ
ဒုတိယအကြိမ်မြောက် Ferrovit Walkthon အမျိုးသမီးလမ်းလျှောက်ပွဲကြီးကို ယခုလ ၁၇ ရက်တွင် မန္တလေးမြို့ ရွှေမန်းတောင်ကွင်း(ရာပြည့်ကွင်း)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားသော သွေးအားနည်းရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိလူဦးရေ သန်း ၆၀ဝ၀ တွင် သန်း ၁၀ဝ၀ ခန့် ခံစားနေရသော ကျန်းမာရေး ပြဿနာတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် အမျိုးသမီးများအား သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဗဟုသုတများ၊ အသိအမြင်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် Ferrovit Walkthon အမျိုးသမီးလမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
‘အမျိုးသမီးတွေဟာ ကျန်းမာရေးအတွက် လမ်းလျှောက်သင့်တယ် တစ်ပတ်မှာ မိနစ် ၁၇၀ လမ်းလျှောက်ရမယ်လို့ ညွှန်ကြားထားတာရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေ အလုပ်တွေနဲ့ဆိုတော့ တချို့က အိမ်ထဲမှာပဲ ထိုင်နေရတဲ့ အမျိုးသမီးတွေရှိတယ်။ ရှိသမျှအမျိုးသမီးတွေအကုန်လုံး ကျန်းမာရေးအတွက် လမ်းလျှောက်ဖို့ ဖယ်ရိုဗစ်ကနေ အသိပညာပေးတဲ့အစီစဉ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်’ဟု Mega Lifesciences မှ Business Director ဒေါက်တာ သင်းနိုင်ဦးက ပြောသည်။
အဆိုပါလမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Ferrovit တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အမျိုးသမီး ၃၀ဝ၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Ferrovit Walkthon အမျိုးသမီးလမ်းလျှောက်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက် ၅ ရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ ရွှေမန်းတောင်အားကစားကွင်းမှ ကျုံးမြောက်ဘက် ၁၂ လမ်းအထိ၊ ၁၂ လမ်းမှ မန္တလေးတောင်လမ်း၊ မန္တလေးတောင်လမ်းမှ ရွှေမန်းတောင်အားကစားကွင်းတွင် ပန်းဝင်မည်ဖြစ်သည်။ ပါဝင်လမ်းလျှောက်သည့် အမျိုးသမီးများအား သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးပေးမည်ဖြစ်ပြီး၊ ပန်းဝင်လာသူများကို လက်ဆောင်များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Ferrovit Walkthon အမျိုးသမီးလမ်းလျှောက်ပွဲကို ရန်ကုန်မြို့တွင် ၅ ကြိမ် ၊ မန္တလေးမြို့တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်