ဖရူဆို   ၅  ဇွန်

 

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်ဓာတ်အားလိုင်းများ မရောက်ရှိသေးသော ကျေးရွာများတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သော်ခူကျေးရွာနှင့် ပရယ်ဆော်ခူကျေးရွာအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖရူဆိုမြို့နယ် ပလဲလယ်ကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ကျေးရွာနှစ်ရွာအတွက် တစ်ရွာလျှင် ဆိုလာ (၁၉)စုံနှုန်းဖြင့် စုစုပေါင်း ဆိုလာ ၃၈ စုံကို ပေးအပ်သွားမည်ဖြစ်ပြီး လျှပ်စစ်မီးရောက်ရှိရန် ခက်ခဲသည့် ကျေးရွာများ ကို အဓိကပေးအပ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားလိုင်း ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးလိုင်းများ မရောက်မီကာလအတွင်း ဆိုလာစနစ်ဖြင့်အသုံးပြုနိုင်ရန် ယခုလိုပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အနေနှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် (၈၀)ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ဖရူဆိုမြို့နယ်အတွင်း လျှပ်စစ်မီးကဏ္ဍအတွက် ၁ ဒသမ ၆ ဘီလီယံခန့် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးလိုင်း လုံးဝမရရှိသေးသည့် ကျေးရွာကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်း လျှပ်စစ်မီးရရှိသည့် နေရာများကိုလည်း ဦးစားပေးအဆင့်အလိုက် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များက ကျေးရွာနှစ်ရွာအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်း ၃၈ စုံအား ကျေးရွာပြည်သူလူထုများထံ ပေးအပ်ခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)