ဒီးမော့ဆို ၅ ဖေဖော်ဝါရီ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန် ဦးဆောင်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေသော ဒေါတဝီကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီက ကျေးရွာရှိ အုတ်လှောင်ကန် နှစ်ကန်အတွင်း သောက်သုံးရေဂါလန်  ၃၂၀ဝ အား ဖြည့်သွင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

"မနေ့က အ.မ.က ဒေါတဝီ စာသင်ကျောင်းသို့ သောက်သုံးရေ သွားရောက်လှူဒါန်းတဲ့အခါမှာ ကျေးရွာပြည်သူလူထုများက ကျေးရွာတွင် ရေအခက်အခဲရှိသည့်အတွက် ရွာကိုလည်း သောက်သုံးရေ လှူပေးပါအုံးဆိုပြီး ပြောတဲ့အတွက် ကျောင်းကို ရေဂါလန် ၆၀ဝ၊ ရွာကို ရေဂါလန် ၁၀ဝ၀ လှူဒါန်းခဲ့တယ်၊ ဒီနေ့တော့ ကျေးရွာရှိ အုတ်ရေလှောင်ကန် နှစ်ကန်တွင် သောက်သုံးရေ ဂါလန် ၃၂၀ဝ ကို ထပ်မံဖြည့်သွင်းပေးခဲ့တယ်" ဟု မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

နှစ်စဉ် နွေရာသီကာလ၌ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲ ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ဒီးမော့ဆိုမြို့နယ် မီးသတ်စခန်းမှ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာ၊ စာသင်ကျောင်းများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)