ဟိုင်းကြီးကျွန်း   ၂၂   ဧပြီ  

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စုရှိ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေ သော တောင်ကလေးကျေးရွာသို့ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ရေဂါလန် ၈၀ဝ ကို ယခု ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။

မဲခရဲကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာသည် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး လူဦးရေ ၈၀ဝ ကျော် နေထိုင်သော ကျေးရွာတစ်ရွာဖြစ်သည်။ တစ်ရွာလုံးကန်ရေကိုသာ အသုံးပြုကြပြီး နှစ်စဉ်နွေရာသီ၌ ကန်ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ အခက်အခဲနှင့် ပုံမှန်ကြုံတွေ့နေရသော ကျေးရွာတစ်ရွာ လည်းဖြစ်သည်။ ပူပြင်းသောရာသီဖြစ်ပြီး ယခုလ ပထမပတ်ကပင် ကန်ရေများခန်းခြောက်လာကာ သောက်သုံးရေ အခက်အခဲကို စတင်ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

ယခုကဲ့သို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေချိန်၌ ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ရေဂါလန် ၈၀ဝ ကို လာရောက်လှူဒါန်းပေးခဲ့သည့်အတွက် ဒေသခံများပျော်ရွှင်ဝမ်းမြောက်လျက်ရှိ ကြောင်းသိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)