ညောင်ဦး ၁၀ ဇွန်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးများ ကောင်းစွာရွာသွန်းခြင်း မရှိသေးသည့်အတွက်  မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရဆဲဖြစ်ကြောင်းသိရ၍ ဇွန် ၉ ရက်၊ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍  သောက်သုံးရေရှားပါးသည့်ကျေးရွာများအား  သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ နာယကဆရာတော် ဦးသာဂရထံမှ  သိရသည်။ 

 

မိုးဦးမိုး သည်းထန်စွာ ရွာသွန်းခြင်းမရှိသေးသည့်အတွက် သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့က ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ၊ ကောင်းပင်စည်တဲတိုက်ရှိ  ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ၊ လက်ပံပင်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ၊ စုစုပေါင်း ရေဂါလန် ၈၁၀ဝ အား သောက်သုံးရေ အဆင်ပြေစွာသုံးစွဲနိုင်ရန်အတွက်  စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။  သောက်သုံးရေ အခက်ကြုံတွေ့ နေချိန်တွင် ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် လာရောက်လှူဒါန်းသည့်အတွက် ဒေသခံပြည်သူများ ဝမ်းသာ ပျော်ရွှင်လျက်ရှိနေကြကြောင်း ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာမှ ဒေသခံပြည်သူများက ပြောပြ၍ သိရသည်။

 

ယခုနှစ်တွင် ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူ အသင်းတို့ ပူးပေါင်းအဖွဲ့က ရပ်ဝေးရပ်နီးမှ ရေကုသိုလ်အလှူများ၏  ထည့်ဝင်လှူဒါန်းငွေများဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းလှူဒါန်းပေးနေကြောင်း ဖြူစင်မေတ္တာပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေး ထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)