ဂန့်ဂေါ ၁၇ မေ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း မိုးရွာသွန်းမှုနည်းပါးသဖြင့် ညောင်လယ်ကျေးရွာတွင် သောက်သုံးရေ အခက်အခဲဖြစ်နေသောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက် ၁၁ နာရီတွင် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။
"ကျွန်တော်တို့ရွာမှာဖြစ်နေတဲ့ ရေအခက်အခဲကို အခုလို ဖြေရှင်းပေးကြတာကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရွာမှာ အိမ်ထောင်စုပေါင်း ၂၆၀ ကျော် ရှိပါတယ်၊ လူဦးရေကတော့ ၁၂၀၀ ခန့် ရှိပါတယ်၊ စိမ့်စမ်း ရေတွင်းလေတွေတော့ ရှိပါတယ်၊ ဒါကလဲ တစ်ခါခပ်ပြီးရင် နောက်တစ်ပုံးပြည့်ဖို့ အကြာကြီး စောင့်ရတာဆိုတော့ အဆင်မပြေပါဘူး၊ ရွာအထွက် မှာရှိတဲ့ ရေတွင်းက နွေရာသီဆို ရေမဖူလုံပါဘူး၊ ကျန်တဲ့ရာသီဆိုရင်တော့ ဒီရေတွင်းကပဲ တစ်ရွာလုံးကို သောက်သုံးရေ မပြတ်လပ်အောင် ဖြေရှင်းပေးပါတယ်၊ အခုလို ပူပြင်းပြီး ရေပြတ်လပ်တဲ့အချိန်မှာ လာရောက်ပြီး လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်၊ နောက်ထပ်လဲ လာပြီးလှူဒါန်းပေးစေချင်ပါတယ်" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောသည်။
ထိုသို့လှူဒါန်းပေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင် မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာသူ/သားများ ပူးပေါင်း၍ သောက်သုံးရေများ လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများသို့ သွားရောက်၍ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


