မိတ္ထီလာ ၂၈ ဧပြီ
မိတ္ထီလာခရိုင်၌ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် မိတ္ထီလာမြို့နယ် ညောင်ပင်အေးကျေးရွာနှင့်မလှိုင်မြို့နယ် ကန်သာကျေးရွာရှိ Community Quarantine Centre တို့ကို ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီက သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံများက သောက်သုံးရေ လိုအပ်မှုဖြစ်ပေါ်၍ အကူအညီတောင်းခံလာကပါ မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းလျက်ရှိသည်။ ထို့သို့ လှူဒါန်းလျက်ရှိရာမှ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် အိမ်ခြေ(၆၄)အိမ်ရှိ ညောင်ပင်အေးကျေးရွာသို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလန် (၁၆၀ဝ) ကို သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
ယင်းအပြင် မလှိုင်မြို့နယ် ကန်သာကျေးရွာရှိ Community Quarantine Centre တွင် သောက်သုံးရေလိုအပ်လျက်ရှိသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံး ရေဂါလန် ၁၆၀ဝ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


