ဖျာပုံ ၁၂ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်း နှင့်ဝန်ထမ်းများ၊ ကျေးရွာ ရေပေးရေး ကော်မတီဝင်များက ကျေးလက်နေပြည်သူများ သောက်သုံးရေအဖြစ် မှီခိုအသုံးပြုလျက်ရှိသည့် အလန်းဖလွတ် ကျေးရွာနှင့် ငှက်ကလေးကွင်း ကျေးရွာများတွင် မြေသားမိုးရေလှောင်ကန် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သတ်မှတ်အတိုင်းအတာများကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ အလန်းဖလွတ်ကျေးရွာနှင့် ငှက်ကလေးကွင်း ကျေးရွာများတွင် မြေသားမိုးရေလှောင်ကန် ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းကို အလျား ပေ ၁၀ဝ၊ အနံ ပေ ၁၀ဝ၊ အနက် ၃ ပေ တူးဖော်ခြင်း၊ ခြံစည်းရိုးကာရန်ခြင်း အလျား ပေ ၁၅၀၊ အကျယ် ပေ ၁၅၀၊ အမြင့် ၅ ပေ ကာရန်ခြင်း၊ တုံကင် ၄ လုံး တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄ ဒသမ ၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလန်းဖလွတ်ကျေးရွာနှင့် ငှက်ကလေးကွင်း ကျေးရွာများတွင် မြေသားမိုးရေလှောင်ကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ (၅၀၆) အိမ်၊ လူဦးရေ (၂၁၈၉) ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးကျော်