ဒလ ၃ ဒီဇင်ဘာ
အများပြည်သူများ သောက်သုံးရေအဖြစ် နှစ်ရှည်အသုံးပြုအားထားလျက်ရှိသော သောက်သုံး ရေကန်များအနီးတွင် လူနေထိုင်သည့် ဈေးဆိုင်များအား ဆောက်လုပ် နေထိုင်ခွင့် ပြုပေးခဲ့ခြင်းများကြောင့် သောက်သုံးရေ အရည်အသွေးများ နိမ့်ဆင်းကာ သောက်သုံး၍ မရသည်အထိဖြစ်ရကြောင်း ဒလမြို့နေ ပြည်သူများက ပြောသည်။
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ကားကြီးဝင်းအနီး သောက်သုံးရေကန်သည် ယခင်က ရပ်ကွက်နေပြည်သူများနှင့် ဒလတစ်မြို့နယ်လုံးနေပြည်သူများမှ သောက်ရေအဖြစ် အားထားခဲ့ရပြီး ရေအရည်အသွေးလည်း ကောင်းမွန်ကြောင်း၊ ထို့ပြင် တစ်နှစ်ပတ်လုံး ရေခန်းခြောက်ခြင်းလည်း မရှိကြောင်း သိရသည်။
နွေရာသီရောက်တိုင်း သောက်သုံးရေကန်များခန်းခြောက်ကာ သောက်သုံးရေ အခက်အခဲနှင့် တွေ့ကြုံရမြဲဖြစ်သော ဒလမြို့နယ်အတွက် အဆိုပါ အများသုံးသောက်ရေကန်သည် ဒေသခ ံပြည်သူများ အတွက် အားထားရာ ဖြစ်ခဲ့ကြောင်းလည်း သိမှီသူများ၏ ပြောကြားချက်အရ သိရသည်။
ဤကဲ့သို့ ပြည်သူများ အားထားနေရသည့် သောက်ရေကန်အနီးတွင် လူနေထိုင်သည့် ဆိုင်ခန်းများအား ဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့သည့်အချိန်မှစ၍ ဒေသခံပြည်သူများ ရပ်ကွက်နေ ပြည်သူများအနေဖြင့် အဆိုပါရေကန်မှ ရေများအား သောက်သုံးခြင်းမရှိတော့ကြောင်းလည်း သိရသည်။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန၏ စံနှုန်းသတ်မှတ်ချက်များအရ ရေထွက်ပင်ရင်းနှင့် အိမ်သာသည်အနည်းဆုံးပေ ၅၀ ကွာရမည်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ အဆိုပါသောက်ရေကန်အနီးတွင် လူနေဆိုင်ခန်းများအပြင် အများသုံး သန့်စင်ခန်း တစ်ခုလည်း ဆောက်လုပ်ထားသည့်အတွက် ပြည်သူများအနေဖြင့် ဘဝင်မကျ ဖြစ်လျှက် ရှိသည်ဟုလည်း သိရသည်။
"နှစ်တိုင်းရေရှားတဲ့ဒလ၊ ပိုဆိုးတာကသောက်ရေ၊ အဲဒီသောက်ရေကန်နားမှာ လူနေ ဆိုင်ခန်းတွေကို နေခွင့်ပြုတယ်၊ ခုတစ်ခါ အများသုံးအိမ်သာဆောက်တယ်၊ ဘယ်လို စိတ်ကူး တွေနဲ့ လုပ်လဲမသိဘူး၊ ကြာလာရင် အဲဒီသောက်ရေကန်နားမှာ နေထိုင်ကြတဲ့သူတွေရဲ့ အိမ်သာတွေက အညစ်အကြေးတွေက သောက်ရေကန်ထဲ ရောက်မှာလေ၊ သောက်ရေရှားတဲ့ဒလမြို့မှာ သောက်ရေကန် တစ်ကန် ပျက်စီးသွားတာတော့ စိတ်မကောင်းစရာပဲ"ဟု ဗိုလ်ရန်ပြေ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
အဆိုပါ သောက်ရေကန်အနီး ကားကြီးဝင်းအတွင်း အများသုံး သန့်စင်ခန်းအား ခရီးသွားပြည်သူများ အဆင်ပြေစေရန်ဟုဆိုကာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရပြီး ရေရှည်တွင် သောက်သုံးရေ အရည်အသွေးများ ပိုမိုကျဆင်းလာမည်ကို စိုးရိမ်လျက် ရှိနေကြကြောင်း သိရသည်။
မောင်ယဉ်ဉီး(ဒလ)