ပုသိမ်ကြီး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မှန်ပင်ကျေးရွာအုပ်စု၊ မှန်ပင်ကျေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများကို ၂၀၂၁ -၂၀၂၂ (၆လ) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မှန်ပင်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လေးလက်မ အနက်ပေ ၄၀၀ ရှိ အဝီစိစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့စင်မြင့်ရေစင်တစ်ခု၊ အလျား ၅ပေ အနံ ၅ပေ အမြင့် ၇ပေ ရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁ -၂၀၂၂ခု (၆လ) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၈) သန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် ကပြောပြသည်။
အဆိုပါ ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၂၁၂ မှ လူဦးရေ ၈၇၁ ဦးအပြင် ကျွဲနွားတိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် ကဆက်လက်ပြောပြ၍ သိရသည်။
ငြိမ်းသူ