နေ့စဉ်ရှင်သန်လုပ်ရှားနိုင်ဖို့ရေကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ထမင်းအသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုးရှိတယ်လေ။ ဒီလိုနေ့စဉ် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ အရေးကြီးတဲ့ရေကို အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7ရေသန့်စစ်စစ်လို့ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာထည့်ထားတဲ့ရေရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာရေသန့်ဗူးတွေထဲကရေရဲ့ သက်တမ်းကို ပြောပြပေးမယ်နော်။

 

ရေက လူကြိုက်များတဲ့ သောက်စရာတစ်ခုပါ။ရေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး ငွေကြေးကုန်ကျမှုနည်းတဲ့ သောက်စရာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတွေကရေဗူးတွေကို အိမ်မှာနေ့စဉ်သောက်သုံးဖို့၊ ခရီးသွားတဲ့အခါယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူသောက်သုံးလို့ရအောင် ယူဆောင်သွားကြတာပါ။

 

ရေဘူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက

 

•           ရေက သန့်ရှင်းမှုရှိရဲ့လား

 

•           ထုပ်ပိုးထားတာတွေ ပျက်စီးနေလား

 

•           ရေဘူးက နေရောင်နဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားထားတာလား

 

•           FDA ရဲ့ခွင့်ပြုချက်ရထားရဲ့လား

 

•           ကုန်ဆုံးရက်ကဘယ်နေ့လဲ

 

•           ရေမှာ အရောင်ရှိနေလား ဆိုတာတွေကိုသေချာဆန်းစစ်ဖို့လိုပါမယ်။

 

ရေဘူးထဲကရေရဲ့ သက်တမ်းက

 

အမှန်တော့သောက်သုံးရေရဲ့ သက်တမ်းမှာ ကုန်ဆုံးတယ်ဆိုတာမရှိပါဘူး။ ထည့်သွင်းထားတဲ့ ဘူးအနေအထားကြောင့်သာရေထဲမှာ ဓါတုဓါတ်ပြုမှုတွေဖြစ်နိုင်တာပါ။FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီးထုတ်လုပ်ထားမယ်ဆိုရင် ရေဘူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိကြာမြင့်မှာပါ။ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင် အဆိပ်အတောက် ဖြစ်စေတာမျိုး မရှိပါဘူး။ ဥပမာပြောပြရရင်မြစ်ရေကလူတွေနဲ့စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလိုညစ်ညမ်းနေတယ်ဆိုတာမရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲ သောက်သုံးရေတွေမှာလည်း သက်တမ်းကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။

 

အခုပြောပြချင်တာကလည်း ဗူးတွေမှာထည့်ထားတဲ့ရေတွေကနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဘူးကိုထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီး ရေထဲမှာပျော်ဝင်သွားတဲ့အခါ ရေကကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။ နောက်တစ်ချက်က ရေဘူးတွေကို သိုလှောင်တဲ့အခါ အေးမြပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီးရေဘူးတွေကို သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ ဗူးတွေ၊ အိမ်သုတ်ဆေးဘူးတွေနဲ့ အခြားအနံ့ပြင်းတဲ့အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုးမလုပ်သင့်ပါဘူး။

 

သောက်သုံးရေကို ဘူးထဲထည့်ပြီး အခန်းအပူချိန်မှာထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီ အတွင်းပဲထားသင့်ပါတယ်။ တကယ်လို့ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ရက်အထိထားလို့ရပါတယ်။ရေကို အမြဲတမ်းသန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဘူးကိုရေခဲသေတ္တာထဲချက်ချင်းထည့်လိုက်ပါ။

 

လေ့လာမှုတွေအရ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့ ရေဘူးထဲကရေကို သောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေ ခံစားရတာရှိပါတယ်။ လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ရေသန့်ဘူးတွေကိုသောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်ပြီး PH7ပြည့်ဝတဲ့ ရေကို သောက်သုံးမိစေဖို့အတွက် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီးနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားဖို့လိုပါမယ်။

 

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်