mdn

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာကိုကိုအောင်

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးသို့ အကြံပေးပညာရှင်အနေဖြင့် တက်ရောက်ခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက အဖွဲ့ဝင်များအဖြစ်ပါဝင်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော အဆိုပါကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် ဘေးအန္တရာယ် လေ့လာဆန်းစစ်ရေးပညာရှင် (Professional Analyst for Disaster)နှင့် အာဆီယံ ပဋိညာဉ်ခံ အင်ဂျင်နီယာ ပညာရှင် (ASEAN Chartered Professional Engineer) ဖြစ်သော မိမိနှင့်အတူ အခြားသော အကြံပေး ပညာရှင်များကိုလည်း ပါဝင်စေ၍ အကြံပေး ပညာရှင်အဖွဲ့အဖြစ် ဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားသည့်အတွက် တက်ရောက်ရခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးကြီး၌ ဒုတိယသမ္မတက အဖွင့် အမှာစကားနှင့်အတူ လမ်းòန်မှုများကို ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များက မိမိတို့နှင့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြခဲ့ကြသည်။ ပြီးနောက် မိမိတို့ အကြံပေးပညာရှင်အဖွဲ့၏ အကြံပြုတင်ပြချက် အစီအစဉ်တွင် မိမိက မိုးရာသီကာလတွင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသ များ၌ မြစ်ကမ်းဘေးဝဲယာရှိ မြို့ ရွာများသို့ မြစ်ရေလျှံတက်မှု လျော့နည်းသက်သာစေရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများနှင့်ပတ်သက်၍ ကြိုတင် ရှာဖွေစုစည်းထားသော ကိန်းဂဏန်း အချက်အလက်များနှင့်တကွ ရှင်းလင်းတင်ပြခဲ့သည်။

 

မိမိအနေဖြင့် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားခဲ့သော သဘာဝဘေး အန္တရာယ်များ၊ လူဖန်တီးသော အကြီးစား ဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆယ်စုနှစ်တစ်ခုကြာ လေ့လာဆန်းစစ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဘေးအန္တရာယ် အမျိုးမျိုး တို့လည်း ပါဝင်ခဲ့သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲလာမှု အခြေအနေ၊ မိုးလေဝသအခြေအနေများ ကစဉ့်ကလျားဖြစ် ပေါ်မှု၊ မြစ်ကြောင်းပြောင်းလဲမှုနှင့် မြစ်ရေခန်းခြောက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ကာဗွန်ထုတ်လွှတ်မှု များ၊ သစ်ပင်သစ်တောများ ပြုန်းတီးမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု တို့၏ ဆက်နွှယ်ပတ်သက်နေမှုများ၊ ရေကြီးရေလျှံဖြစ်မှုများ၊ မိုးခေါင်မှုများ၊ မျိုးသုဉ်းပျောက်ကွယ်မှုများ အစရှိသည် တို့ကို လည်း အထူးတလည်ဂရုတစိုက် လေ့လာစောင့်ကြည့်ခဲ့သည်။

 

ထိုကဲ့သို့ လေ့လာအကဲခတ် စောင့်ကြည့်ခဲ့သည့် ကိစ္စရပ်များထဲတွင် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးလေးစင်းဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့၏ သဘာဝ အခြေ အနေများလည်း ပါဝင်ခဲ့သည့်အတွက် အဆိုပါအစည်းအဝေး ကြီးတွင် မိမိအနေဖြင့် တင်ပြခွင့်ရသော အချိန်အတိုင်းအတာ အတွင်း၌ ဧရာဝတီ၏အခြေအနေကို တင်ပြခဲ့ခြင်းဖြစ်သည်။ ကော်မတီဥက္ကဋ္ဌဖြစ်သော ဒုတိယသမ္မတကလည်း အကြံ ပေးပညာရှင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်ပေးခဲ့သည်။

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ကမ်းလှမ်းချက်

 

ယင်းအစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် မြစ်ကမ်းပါး တိုက်စားမှုများအပေါ် စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၌ အကြံပေးပညာရှင်များ၏ အကြံပြုချက်များ လိုအပ်ပါသဖြင့် ကရင်ပြည်နယ်သို့ လာရောက်ကာ ကွင်းဆင်းကြည့်ရှုပါရန်နှင့် အကြံပြုပေးနိုင်ပါရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ သို့ဖြစ်၍ အဆိုပါကမ်းလှမ်းချက်အရ မတ်လအတွင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အပြန်အလှန် တယ်လီဖုန်းဆက်သွယ်ပြီး လာရောက် ကွင်းဆင်းကြည့်ရှုမည့် အစီအစဉ်ကို နှစ်ဦးနှစ်ဖက် အခွင့်သာသည့်အချိန် သတ်မှတ်ခဲ့ကြသည်။

 

အဆိုပါ သတ်မှတ်အစီအစဉ်အရ ဘေးအန္တရာယ် လေ့လာ ဆန်းစစ်ရေးပညာရှင်ဖြစ်သူ မိမိနှင့် ရေအရင်းအမြစ်ပညာရှင် ဦးဗစ်တာတို့နှစ်ဦးသည် ဧပြီ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ကားဖြင့် စတင်ထွက်ခွာခဲ့ကြ သည်။ ထိုနေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ် ဘားအံတံတားသို့ ရောက်ရှိခဲ့ကြရာ ဆက်ဆံရေးအရာရှိ ဦးသိန်းလင်းက ဘားအံတံတား၌ အသင့်စောင့်ကြိုပြီး ခေတ္တတည်းခို မည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ဦးသိန်းလင်းသည် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကရင် ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဖြစ်ပြီး မိမိတို့ အကြံပေး ပညာရှင်နှစ်ဦး ကွင်းဆင်းကြည့်ရှုသည့် လေ့လာရေးခရီးစဉ် အတွက် ဆက်ဆံရေးအရာရှိအဖြစ် ကရင်ပြည်နယ် ဝန်ကြီး ချုပ်က တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။

 

တည်းခိုမည့်နေရာ၌ ခေတ္တအနားယူပြီးနောက် ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ခေတ္တ တွေ့ဆုံဆွေးနွေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်တစ်လျှောက် မြစ်ကမ်းပါး ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိတွင် ထိုင်း နိုင်ငံဘက်က ကျောက်တန်းများ ပြုလုပ်ချထားမှုကြောင့် မိုးကာလ၌ ရေစီးသန်သော သောင်ရင်းမြစ်ရေသည် မိမိတို့ ဘက်အခြမ်းမှ ကမ်းပါးများကို ပိုမိုတိုက်စားနေကြောင်း၊ ကမ်းပြိုမှုများပြားကြောင်း၊ သို့ဖြစ်၍ သောင်ရင်းမြစ်၏ မိမိ တို့ဘက်အခြမ်း၌ မြစ်ကမ်းပါးများ တိုက်စားပြိုကျနေမှု လျော့နည်းသက်သာစေမည့်နည်းလမ်းများ ရရှိရေးအတွက် ယခုကဲ့သို့ အကြံပေးပညာရှင်ကြီးများအား ဖိတ်မ္တကပြုရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

မိမိတို့ အကြံပေးပညာရှင်နှစ်ဦးအနေဖြင့်လည်း ဖြစ်စဉ် နေရာများသို့ မျက်မြင်ကိုယ်တွေ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ပြီး မိမိတို့၏ ပင်မအဖွဲ့အစည်းကြီးဖြစ်သော အမျိုးသား သဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အကြံပြု တင်ပြပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဖြစ်သူ òန်ကြားရေးမှူး ဦးသိန်းလင်းအား ပြည်နယ်အတွင်း ဆောင်ရွက်နေသော သောင်ရင်းမြစ်ကမ်းပါး ထိန်းသိမ်းမှုနှင့် မြန်မာ-ထိုင်း နယ်နိမိတ် ထိန်းသိမ်းမှုဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းများနှင့် စီမံခန့်ခွဲရေးလုပ်ငန်း အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။

 

ညနေ ၅ နာရီခန့်တွင် မြဝတီ-လှိုင်းဘွဲ ကားလမ်းဘေးရှိ ရေဘုတ်ရေလှောင်တမံသို့ သွားရောက်လေ့လာကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့က လိုက်လံရှင်းလင်း ပြသကြသည်။ ပြီးနောက် ဘားအံမြို့ ၌ ညအိပ်ရပ်နားကြသည်။

 

မြဝတီမြို့သို့

 

ဧပြီ ၂ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ပြည်နယ် ညွှန်ကြား ရေးမှူး ဦးသိန်းလင်းက စီစဉ်ပေးသော Toyota Surf ကား ဖြင့် မိမိတို့ အကြံပေးပညာရှင်နှစ်ဦးသည် ဦးသိန်းလင်းနှင့် အတူ ဘားအံမြို့မှ မြဝတီမြို့သို့ စတင်ထွက်ခွာခဲ့ကြသည်။ အဆိုပါခရီးစဉ်၌ ကော့ကရိတ်မြို့လမ်းဆုံကို ဖြတ်ပြီးသည်နှင့် အာရှ လမ်းမကြီးပေါ်သို့ ရောက်ရှိသွားသည်။ ကျယ်ပြန့်ပြီး ချောမွေ့ ညီညာသည့် လမ်းပိုင်းဖြစ်သောကြောင့် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။ မြဝတီမြို့သို့သွားရာ အာရှ လမ်းမကြီးသည် စီးပွားရေး မြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့ရှိ အကောင်းဆုံးဆိုသော လမ်းမများထက်ပင် ပိုမိုကောင်းမွန်ကာ ပြန့်ပြူးချောမွေ့ နေသည်ကို သိသာစွာ ခံစားမိလိုက်သည်။ ဥရောပခရီးစဉ်တစ်ခုအတွင်း အနောက်ဥရောပ တစ်နိုင်ငံမှ အခြားတစ်နိုင်ငံဆီသို့ နယ်စပ်လမ်းမကြီးများပေါ်မှ ကားဖြင့် သွားခဲ့ရဖူးစဉ်က လမ်းခရီး ချောမွေ့ ညီညာပြန့်ပြူးသည့် အတွေ့အကြုံကိုပင် ပြန်ပြောင်း သတိရမိလိုက်သည်။

 

သောင်ရင်းမြစ်ကို လေ့လာမှုများ

 

မြဝတီမြို့သို့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ရောက်ရှိ ပြီး ထိုမှတစ်ဆင့် မြဝတီမြို့၏တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ ဖလူးကြီးကျေးရွာသို့ ဆက်လက် ခရီးနှင်ခဲ့သည်။ ဖလူးကြီး ကျေးရွာ၌ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးစောထိန်လင်းအား ၎င်း၏အိမ်တွင်တွေ့ဆုံပြီး သောင်ရင်းမြစ် ရေနယ်နိမိတ် ထိန်းသိမ်းရေး၊ ကမ်းပါးထိန်းသိမ်းရေး၊ မြစ်အတွင်း၌ ကျောက်စရစ်နှင့် သဲစုပ်ယူနေမှု အခြေအနေများနှင့် ကျေးရွာများ၏ ပူးပေါင်း လုပ်ဆောင်ပေးနေမှုများကို မေးမြန်းသည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဦးသိန်းလင်း၊ ဖလူးကြီးကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးစောထိန်လင်းတို့နှင့်အတူ သောင်ရင်းမြစ်အတွင်းသို့ဆင်း၍ နွေရာသီကာလ လက်ရှိ မြစ်ရေအခြေအနေ၊ ကုန်းပေါ်နေမှု အနေအထား၊ ထိုင်းနိုင်ငံဘက်က မြစ်အတွင်း၌ ကျောက်တန်း များ ဖန်တီးပြုလုပ်ထားမှု၊ ၂၀၁၂ ခုနှစ်က သောင်ရင်းမြစ်ရေ အကြီးအကျယ်လျှံတက်မှု ဖြစ်ပေါ်ခဲ့စဉ်က မြစ်ကျိုးအင်း ပုံသ္ဌာန်ကျန်ရစ်ခဲ့သော သံပုရာကျွန်း၏ လက်ရှိအခြေအနေ၊ မြစ်အတွင်း၌ မြန်မာနှင့်ထိုင်း နှစ်ဖက်စလုံး၏ ကျောက်စရစ် နှင့် သဲစုပ်ယူနေမှု အခြေအနေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် နေသော ကမ်းပါးထိန်းနံရံ ပြုလုပ်ထားမှု အခြေအနေများနှင့် ဆောင်ရွက်နေဆဲ အခြေအနေများစသည်တို့ကို စနစ်တကျ လေ့လာကြည့်ရှု စစ်ဆေးခဲ့သည်။

 

သောင်ရင်းမြစ်သည် သံလွင်မြစ်၏ မြစ်လက်တက်ဖြစ်ပြီး တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသည်။ မြစ်ဖျားခံရာမှစ၍ သံလွင်မြစ်အတွင်း စီးဝင်သည်အထိ သောင်ရင်းမြစ်သည် မြန်မာ-ထိုင်း နယ်နိမိတ်ဖြစ်သည်။ သောင်ရင်းမြစ်ရေပြင်၏ အလယ်မျဉ်းကိုသာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နယ်နိမိတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး နယ်နိမိတ်ကျောက်တိုင် စိုက်ထူ၍ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပေ။ မျက်မြင်ကြည့်ရှုလေ့လာခဲ့ချက်များအရ သောင်ရင်းမြစ်သည် တောင်ကုန်းများအကြား၌ ကျောက်စရစ်များကို ပို့ချထားသော မြစ်ဖြစ်ကြောင်း တွေ့ရှိရသည်။ မြစ်အကွေ့များတွင် ရေတိုက်စားမှုများရှိပြီး ရေတိုက်စားထားသည့် နေရာအချို့မှာ မြဝတီ-ဖလူးကြီး ကားလမ်းမနှင့် ကပ်လျက်ရှိနေသည်။ ခရီးစဉ်အတွင်း ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သော မြစ် ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည့် ဖလူးလေး ကျေးရွာအနီးတွင် ၅၂၅ ပေနှင့် မယ်ထော်သလေးကျေးရွာ အနီးတွင် ၂၆၆ ပေတို့ကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း ဖြစ်သော အမှတ်(၃)ရပ်ကွက် မာမီဂိတ်အနီးရှိ ပေ ၆၃၀ ကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့သည်။

 

သောင်ရင်းမြစ်အတွင်း၌ ကျွန်းသုံးကျွန်းရှိပြီး သံပုရာကျွန်း၊ ကျွန်းတောကွေ့နှင့် ရေလယ်ကျွန်းတို့ ဖြစ်ကြသည်။ သံပုရာ ကျွန်းသည် တစ်ချိန်က ထိုင်းနိုင်ငံ၏မြေနှင့် တစ်ဆက်တည်း ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က သောင်ရင်းမြစ် ရေကြီးသည့်ဖြစ်စဉ်၏ အကျိုးဆက်အဖြစ် မြစ်ကျိုးပြီး မြန်မာနိုင်ငံဘက်အခြမ်း၌ မြန်မာ့မြေနှင့် တစ်ဆက်တည်းဖြစ်တည်၍ ကျန်ရစ်ခဲ့သည်။ ထိုင်းနိုင်ငံဘက်အခြမ်း သောင်ရင်းမြစ်အတွင်း၌ ရေလယ် ကျောက်တန်းသုံးခုကို ဧရာမကျောက်တုံးကြီးများ ချထားခြင်းဖြင့် ဖန်တီးပြုလုပ်ကာ မြစ်ရေလမ်း ကြောင်းပြောင်းသွားအောင် ဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိအချိန်အထိ သောင်ရင်း မြစ်ရေလမ်းကြောင်း မှာ တစ်ချိန်က အနေအထားအဖြစ်သို့ ပြန်ပြောင်းမသွားဘဲ မြစ်ကျိုးအင်းသ္ဌာန် ကုန်းကမူတစ်ခု အဖြစ် မြန်မာ့မြေနှင့် တစ်ဆက်တည်း တည်ရှိနေဆဲဖြစ်သည်။

 

သောင်ရင်းမြစ်သည် ကျောက်စရစ်ပို့ချသောမြစ် ဖြစ်သည့် အတွက် ကျောက်စရစ်နှင့် သဲ အရောအနှောများကို တည် ဆောက်ရေးလုပ်ငန်းများနှင့် လမ်းခင်းခြင်းတို့အတွက် မြန်မာ နှင့် ထိုင်းနိုင်ငံ နှစ်ဖက်စလုံးတို့က Sludge Pump များ အသုံးပြုကာ စုပ်ယူသယ်ဆောင်လျက်ရှိနေကြောင်း လေ့လာ တွေ့ရှိရသည်။ မြန်မာဘက်က လေးလက်မပိုက်ခေါင်းဖြင့်သာ စုပ်ယူကြသော်လည်း ထိုင်းဘက်က ပိုမိုအင်အားကြီးသော ပန့်များကို အသုံးပြုကာ ၁၂ လက်မပိုက်ခေါင်းများဖြင့် စုပ်ယူနေကြသည်။ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနက မြဝတီမြို့ သောင်ရင်းမြစ်ကမ်းပါး ထိန်းသိမ်းခြင်းလုပ်ငန်းများ အနေဖြင့် ဆောင်ရွက်ပြီးလုပ်ငန်း စုစုပေါင်း ၃၁ ခု (စုစုပေါင်း အရှည် ၂၅၉၇၇ ပေ)၊ ဆောင်ရွက် ဆဲလုပ်ငန်းတစ်ခု (အရှည် ပေ ၆၃၀)၊ ဆောင်ရွက်ရန် လျာထား လုပ်ငန်းနှစ်ခု (စုစုပေါင်းအရှည် ၁၆၉၅ ပေ) ဖြစ်ကြောင်းကို လည်း လေ့လာသိရှိခဲ့ရသည်။ အလားတူပင် ဝေါလေမြိုင်မြို့ ဂေါ်လီချောင်းကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းများတွင်လည်း ဆောင်ရွက်ပြီးလုပ်ငန်း ကိုးခု(စုစုပေါင်းအရှည် ပေ ၂၇၇၀)နှင့် ဆောင်ရွက်ဆဲ လုပ်ငန်းတစ်ခု(အရှည် ပေ ၃၄၀) ဖြစ်ကြောင်း ကိုလည်း လေ့လာသိရှိခဲ့ရသည်။

 

မြဝတီ-ဖလူးကြီး ကားလမ်းဘေးရှိ သောင်ရင်းမြစ်ကြောင်း တစ်လျှောက် ကွင်းဆင်းလေ့လာကြည့်ရှုပြီးနောက် ဖလူးကြီး ကျေးရွာမှ ညနေ ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာလာကြရာ မြဝတီမြို့၊ ထိုမှတစ်ဆင့် ကော့ကရိတ်လမ်းဆုံ၊ အိန္ဒုစသော မြို့များကို ဖြတ်သန်းမောင်းနှင်ပြီး ဘားအံမြို့သို့ ည ၇ နာရီခွဲ ခန့်တွင် ပြန်လည်ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ကြသည်။ ယင်းနောက် ဧပြီ ၃ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဘားအံမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ကြရာ ရန်ကုန်မြို့သို့ မွန်းလွဲပိုင်း၌ ရောက်ရှိခဲ့ကြသည်။

 

တွေ့ရှိချက်နှင့် အကြံပြုချက်များ

 

ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်းတွင် လက်တွေ့ ကွင်းဆင်းကြည့်ရှုလေ့လာခဲ့သည့် ကရင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ တွေ့ရှိချက်နှင့် အကြံပြုချက်များကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်သွင်းခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကြောင်း တစ်လျှောက်တွင် ရာသီမရွေး သောင်ရင်းမြစ်ရေပြင်၏ အလယ်မျဉ်းကိုသာ နယ်နိမိတ်အဖြစ် ယာယီသတ်မှတ်ထားသည့်အတွက် ထိုင်းနိုင်ငံဘက်က သောင်ရင်းမြစ်၏ရေစီး လမ်းကြောင်းများ ပြောင်းလဲအောင် ကျောက်တုံးများချ၍ ကျောက်တန်းပြုလုပ်ထားခြင်း၊ ထိုင်းနိုင်ငံဘက်အခြမ်း ရေပြင် နယ်နိမိတ်အတွင်း၌ ဖြစ်စေကာမူ ဧရာမ ပိုက်ခေါင်းကြီးများဖြင့် သဲနှင့်ကျောက်စရစ်များစုပ်ယူခြင်း၊ မြစ်ရေပြင်အတွင်း၌ မြေဖို့ပြီး တံတိုင်း ကာရံပြုလုပ်ခြင်း၊ ရေဆိုးများစွန့်ခြင်း၊ ပလတ် စတစ်များ အပါအဝင် အမှိုက်များစွန့်ပစ်ခြင်း၊ ရေသွယ်ယူရန် အတွက် ကျောက်တန်းပြုလုပ်ခြင်း စသည်တို့ကို တွေ့ရှိပါက နှစ်နိုင်ငံ ပူးတွဲနယ်နိမိတ်ကော်မတီသို့ တင်ပြကန့်ကွက်ခြင်း များကို ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်း အကြံပြု တင်ပြခဲ့သည်။

 

အလားတူပင် သောင်ရင်းမြစ်၏ ရေစီးရေလာကို မထိခိုက် စေရေးအတွက် မြစ်၏ဖြတ်ပိုင်း ( River Cross Section) ကို ပြောင်းလဲစေမည့် လုပ်ရပ်များဖြစ်သော ကမ်းထိန်းနံရံကို မြစ်အတွင်းဘက်သို့တိုး၍ တည်ဆောက်ခြင်းနှင့် မြစ်ကြမ်းပြင် (River Bed) ကို အပြောင်းအလဲဖြစ်စေမည့် မြစ်အတွင်း မြေဖို့ လမ်းခင်းခြင်း စသည်တို့ကိုလည်း နှစ်နိုင်ငံသဘော တူညီချက်ဖြင့်သာ ဆောင်ရွက်သင့်ကြောင်းကိုလည်း အကြံပြု တင်ပြခဲ့သည်။ သောင်ရင်းမြစ်ရေပြင်၏ မြန်မာနိုင်ငံဘက်အခြမ်းတွင် ကျောက်စရစ်နှင့် သဲစုပ်ခြင်းများသည် မိုးရာသီ၌ မြန်မာဘက်အခြမ်း မြစ်ကမ်းပါးယံများကို ရေတိုက်စားမှု ပိုမို များပြားစေပြီး ကမ်းပြိုမှုများကို ဖြစ်ပွားလာစေနိုင်သည့်အတွက် ဒေသခံများအနေဖြင့် ရှောင်ကြဉ်သင့်ကြောင်းကိုလည်း တင်ပြခဲ့သည်။

 

ကရင်ပြည်နယ်ခရီးစဉ်မှ ပြန်လည်ရောက်ရှိခဲ့သည်မှာ ရက်အတန်ကြာ ရှိလာခဲ့ပြီဖြစ်သည့်တိုင် မကြာခဏ ဆိုသလိုပင် သောင်ရင်းမြစ်တစ်လျှောက်ကို စိတ်ထဲကမှန်းဆကာ လှမ်းမျှော်ကြည့်မိသည်။ မှန်းဆရမ်းရော်ကာ လှမ်းမျှော်ကြည့်လိုက် မိတိုင်း သောင်ရင်းမြစ်ကမ်းတစ်လျှောက် မြဝတီမြို့နယ် အတွင်းရှိ ဖလူးကြီးကျေးရွာ၊ မယ်ထော်သလေးကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာ၊ မင်းလက်ပံကျေးရွာ၊ ဥကရစ်ထ ကျေး ရွာ၊ လှိုင်းဘွဲမြို့နယ်မှ တာအုခေးထရွာနှင့် ကျော်ကေးထရွာ၊ စုကလိမြို့အနီးရှိ ဆုံဆည်းမြိုင်ကျေးရွာနှင့် ဝေါလေမြိုင်မြို့ တို့၌လည်း မြန်မာ့မြေနှင့် မြန်မာ့ရေ မဆုံးရှုံးရစေရေးအတွက် သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုများကို အမြန် ဆုံး ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုမိပေတော့သည်။