နေပြည်တော် အောက်တိုဘာ ၇

 

SEAMEO BIOTROP (၅၉) ကြိမ်မြောက် အုပ်ချုပ်ရေးဘုတ် အဖွဲ့အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့၊ IPB အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အောက်တို ဘာ ၅ ရက်မှ ၆ ရက်အထိ Virtual Online ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ SEAMEO BIOTROP ၏ ဘုတ်အဖွဲ့ဝင်ဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဆင့် တက်ရောက်ခဲ့သည်။

အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် ည်းပညာဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ir. Suharti က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း ပညာရေးသည် အင်ဒိုနီးရှား အစိုးရ၏ အဓိက ဦးစားပေး တစ်ခုဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီမျိုးစုံမျိုးကွဲ ဆုံးရှုံးပျောက်ကွယ်မှုနှင့် မြေဆီလွှာ အရည်အသွေး ကျဆင်းမှု စသည့်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက်လည်း ပညာရေးသည် စွမ်းအားကောင်းသည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် အင်ဒိုနီးရှား အစိုးရအနေဖြင့် SEAMEO BIOTROP ကို ပိုမိုထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။ 

 

ဖွင့်ပွဲအခမ်းအနားသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဘုတ်အဖွဲ့ဝင်များ၊ ဘိုဂေါမြို့၊ ဒုတိယမြို့တော်ဝန်၊ SEAMEO အဖွဲ့ဝင်နိုင်ငံများ၏ အင်ဒိုနီးရှားဆိုင်ရာ သံရုံးများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ SEAMEO အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ SEAMEO BIOTROP မှ ပညာရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ (၅၉) ကြိမ်မြောက် အုပ်ချုပ်ရေး ဘုတ်အဖွဲ့အစည်းအဝေးတွင် အကြောင်းအရာ (၁၄) ခုနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး   ယခင်အစည်းအဝေးများတွင် ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာမူကြမ်းနှင့် ဘဏ္ဍာရေး အစီရင်ခံစာများ၊ လာမည့် ၃ နှစ် (၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ် အထိ) အတွက် ဘတ်ဂျက်ဆိုင်ရာ အဆိုပြုများ၊ ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သုတေသန လုပ်ငန်များနှင့် သင်တန်းများ၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ SEAMEO BIOTROP ၏ ဧကဒသမ ငါးနှစ်စီမံကိန်း၊ SEAMEO BIOTROP ၏ ဖွဲ့စည်းပုံပြင်ဆင် ဖွဲ့စည်းရေးအဆိုပြုချက်များ စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်