၃  ဖေဖော်ဝါရီ

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းမြို့လေးတစ်မြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖေဖော်ဝါရီ ၂ ရက်မှာ သေဆုံးသူအရေအတွက်ဟာ ၃၀၄ ဦးအထိ ရောက်ရှိလို့လာခဲ့ပါပြီ။ ထို့အတူ တရုတ်နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း ၁၄၅၀၀ ဦး ကျော်ဖြစ်လာသလို ကမ္ဘာ့နိုင်ငံပေါင်း ၂၆ နိုင်ငံအထိ ပျံ့နှံ့သွားခဲ့ပြီး အခုအခါမှာတော့ ကမ္ဘာ့အရေးပေါ် အခြေအနေတစ်ရပ်အဖြစ်တောင် ကြေညာလိုက်ရပါပြီ။

ဗိုင်းရပ်စ်အသစ်

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ရဲ့ စက်မှုမြို့တော်ဖြစ်တဲ့ ဝူဟန်မြို့မှာရှိတဲ့ ကျန်းမာရေး အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်မှာ ဖျားနာမှုပုံစံသစ်တစ်မျိုးကို ပထမဆုံးတွေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါတစ်မျိုး ဖြစ်ပွားနေတယ်ဆိုပြီး အသိပေးခဲ့ပါတယ်။ ကူးစက်ပြန့်ပွားမှုတွေဟာ ဝူဟန်ဈေးက စတင်ဖြစ်ပွားခဲ့တယ်လို့ ခြေရာကောက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ပူဟန်ဈေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှာ ပိတ်လိုက်ပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီကူးစက်မှုတွေကို သေချာလေ့လာပြီးနောက် တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၇ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အုပ်စုမှ ပေါက်ဖွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူ့ကို ၂၀၁၉ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ပေးခဲ့ကြပါတယ်။

ပထမဆုံးသေဆုံးမှု

ဇန်နဝါရီ ၁၁ ရက်က ဝူဟန်မှာရှိတဲ့ အမျိုးသားတစ်ဦး ပထမဆုံးသေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။ နှစ်ရက်ကြာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံပြင်ပ ထိုင်းနိုင်ငံမှာ ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အမျိုးသမီးတစ်ဦး တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ဝူဟန်မြို့က ပြန်လာတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံမှာ အလားတူ ဝူဟန်ကို သွားရောက်ခဲ့တဲ့ အမျိုးသားတစ်ဦး ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းရက်တွေမှာ အမေရိကန် ပြည်ထောင်စု၊ နီပေါ၊ ပြင်သစ်၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ တရုတ်(တိုင်ပေ)တို့မှာ ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ဝူဟန်က ရောက်လာတဲ့ လေကြောင်းလိုင်းတွေကို ပထမဆုံး စစ်ဆေးမှုတွေ စတင်ပြုလုပ်ပါတယ်။

လေဆိပ်စစ်ဆေးမှုတွေပြုလုပ်

ဇန်နဝါရီ ၂၀ ရက်မှာ ဝူဟန်မြို့မှာ တတိယမြောက် သေဆုံးသူရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဖော်ပြခဲ့ပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုဟာ ပေကျင်း၊ ရှန်ဟိုင်းနဲ့ ရှန်ကျန်တို့ အပါအဝင် ဟူဘေးပြည်နယ် အပြင်ပိုင်းတွေအထိ ဖြစ်လာခဲ့ပါတယ်။ အာရှနိုင်ငံတွေလည်း ၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့ နှံ့ဖြစ်ပွားရာနေရာက လာရောက်တဲ့လေကြောင်းလိုင်းတွေကို လေဆိပ်စစ်ဆေးမှုတွေ မဖြစ်မနေ စတင်လုပ်ဆောင် လာပါတော့တယ်။

ဝူဟန်ကို အလုံပိတ်လိုက်ပြီ

ဇန်နဝါရီ ၂၂ ရက်မှာ သေဆုံးသူဦးရေ မြင့်တက်လာခဲ့သလို ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ၅၅၀ ကျော်တောင် ရှိလာ ခဲ့ပါတယ်။ ဥရောပနိုင်ငံလေဆိပ်တွေကလည်း ဝူဟန်ကလာတဲ့ လေကြောင်းလိုင်းတွေကို စစ်ဆေးမှုတွေ အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ပါတယ်။ အခြေအနေတွေဟာ ပိုပြီးဆိုးလာတဲ့အတွက် ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်မှာ အလုံပိတ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွေ ဖြတ်တောက်ခဲ့ပါတယ်။

ထို့အတူ ဟူဘေးပြည်နယ်ရှိ အခြား ၁၈ မြို့မှာလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ရပ်နားလိုက် ပါတယ်။ စုစုပေါင်းလူဦးရေ ၅၆ သန်းလောက် ဒုက္ခရောက်ခဲ့ရပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ စီစဉ်ထားတာလည်း ဖျက်လိုက်ရပါတယ်။ ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေက ပထမဆုံးဟူဘေးပြည်နယ်ပြင်ပမှာ သေဆုံးသူတစ်ဦးရှိလာကြောင်း ဖော်ပြခဲ့ပါတယ်။ အများပြည်သူအပန်းဖြေနေရာများ ပိတ်လိုက်ပြီ ဇန်နဝါရီ ၂၄ ရက်မှာ ရှန်ဟိုင်း ဒစ်စနေလန်း ပိတ်လိုက်သလို မဟာတံတိုင်းကြီးနဲ့ အခြားအထိမ်းအမှတ်နေရာတွေကိုလည်း ပိတ်လိုက်ပါတယ်။ ထို့အတူ ဟောင်ကောင် ဒစ်စနေလန်းကိုလည်း ပိတ်လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ မြင့်တက်လာပြီဖြစ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရကလည်း နှစ်သစ်ကူးရက်ကို ထပ်မံတိုးမြှင့်ပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံကလည်း ဝူဟန်က ခရီးသွားတွေကို တားမြစ်လိုက်ပါတယ်။ လူအချင်းချင်းကူးစက်

ဇန်နဝါရီ ၂၈ ရက်က ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူမှလူသို့ ပထမဆုံးကူးစက်ကြောင်း ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း ဝူဟန်ကလာတဲ့ နိုင်ငံခြားသားခရီးသွားများကို ကားလိုက်မောင်းပို့ပေးရတဲ့ လူတစ်ဦးလည်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် ကေသီလေကြောင်းလိုင်းလည်း တရုတ်ပြည်မကြီးသို့ လေယာဉ်ပြေးဆွဲမှုတွေ ပိတ်လိုက်ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၉ ယောက်ဖြင့် ထိုင်းနိုင်ငံက အများဆုံးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံသားတွေကို ကယ်ထုတ်ကုန်ပြီ

ဇန်နဝါရီ ၂၉ ရက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် နိုင်ငံတို့ဟာ ဝူဟန်မှာ ပိတ်မိနေတဲ့သူတို့နိုင်ငံသားတွေကို ကြိုပို့လေယာဉ်တွေနဲ့ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဗြိတိသျှ အဲဝေးလ်နဲ့ လုပ်ဖ်သင်ဇာ လေကြောင်းလိုင်းတွေလည်း သူတို့ရဲ့ တရုတ်လေကြောင်းလိုင်းတွေကို ရပ်နားထားလိုက်သလို တခြားလေကြောင်းလိုင်းတွေကလည်း လေကြောင်းခရီးစဉ်တွေ လျှော့ချလိုက်ပါတယ်။ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီဟာ သူ့ရဲ့ စက်ရုံတရုတ်နှစ်ကူးပိတ်ရက်ကို ဖေဖော်ဝါရီ ၉ ရက်အထိ တိုးမြှင့်ပိတ်လိုက်ပါတယ်။

အလားတူပဲ စတားဘတ်ခ်ဟာ သူ့ရဲ့ ကော်ဖီဆိုင်တွေကို ထက်ဝက်မက ပိတ်လိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်မှာ ကာဇက်စတန်နဲ့ ရုရှားတို့ဟာ မွန်ဂိုလီးယားနဲ့ ဆက်စပ်နေတဲ့ သူတို့ရဲ့ နယ်စပ်တွေကို ပိတ်လိုက်ပါတယ်။ ထို့အတူ စင်ကာပူကလည်း တရုတ်နိုင်ငံသားတွေအပါအဝင် တရုတ်ပြည်မကြီးကို ၁၄ ရက်အတွင်း သွားရောက်ခဲ့သူတွေအား ဗီဇာထုတ်ပေးမှုကို ဖေဖော်ဝါရီ ၁ ရက်စပြီး ယာယီရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံတကာ အရေးပေါ်ကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၃၁ ရက်မှာ ဝူဟန် ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့အရေးပေါ်အဆင့် ကြေညာ ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံနဲ့ ခရီးသွားလာမှုတွေ၊ ကုန်သွယ်မှုတွေ ကန့်သတ်လိုက်တဲ့အထိ မလိုအပ်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ယခုအခါမှာ ဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံအထိ ပျံ့နှံ့ရောက်ရှိနေပါပြီ။ တရုတ်နိုင်ငံက ဇန်နဝါရီ ၃၁ ရက်မှာ တစ်နေ့တည်းသေဆုံးသူ ၄၃ ဦးအထိ ရှိလာတဲ့အတွက် ဗိုင်းရပ်စ်ဖြစ်ပွားတဲ့အချိန်ကစပြီး အဆိုးရွားဆုံးနေ့ တစ်နေ့အဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက သူ့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မသွားဖို့နဲ့ အကယ်၍ တရုတ်နိုင်ငံမှာရှိနေပါက အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတို့ကလည်း သူတို့ရဲ့ နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မသွားဖို့ အလားတူ တိုက်တွန်းမှုတွေ လုပ်ဆောင်ထားပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေသလို ဂျာမနီနဲ့ ရုရှားတို့ကလည်း အလားတူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ စင်ကာပူနဲ့ မွန်ဂိုလီးယားတို့ကလည်း တရုတ်မှ ဆိုက်ရောက်လာမယ့် လေကြောင်းလိုင်းတွေကို တားမြစ်မှုတွေ လုပ်ဆောင်ထားပါတယ်။ အီတလီနိုင်ငံကလည်း အရေးပေါ် အခြေအနေကြေညာခဲ့ပါတယ်။

စီးပွားရေးတွေထိခိုက်

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေးကို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍကို ဆိုးရွားစွာ ထိခိုက်သလို သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးတွေကိုလည်း ဆိုးရွားစွာထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်စေသလို တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုလည်း ကျိန်းသေထိခိုက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့လူသားတစ်ရပ်လုံးကို ခြောက်လှန့်နေတဲ့ ဒီဗိုင်းရပ်စ်ဆိုးကြီးကို အမြန်ဆုံး အောင်မြင်ကျော်လွှားနိုင်ပါစေလို့ ဆန္ဒပြုရင်း။

ထွန်းသစ်

ကိုးကား-အေအက်ဖ်ပီ