၁၁ ဖေဖော်ဝါရီ

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းနဲ့ ကျွန်တော်ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။ မဆလခေတ်တုန်းက တစ်နှစ်တစ်ကြိမ် ရောက်ခဲ့တယ်။ ပြည်ထောင်စုနေ့မှာ ချီတက်ခဲ့ရတာ။ တက္ကသိုလ်က အဖွဲ့တွေနဲ့အတူ ချီတက်ခဲ့တာ။ အစကတော့ နေပူကျဲကျဲထဲ တစ်လမ်းလုံး ကြွေးကြော်သံတွေလည်း အော်ရတယ်။ အော်ရုံသာမက လက်သီးလက်မောင်းတွေလည်း တန်းခဲ့တယ်။ ကွင်းထဲရောက်တော့ ကျွန်တော်တို့ကို နေရာချထားတာက စင်မြင့်နဲ့ အဝေးကြီး။ စင်မြင့်ပေါ်မှာ ထိုင်နေကြတဲ့ လူကြီးတွေကို ကွဲကွဲပြားပြား မမြင်ရဘူး။ ရောက်ပြီးမကြာမီ မိန့်ခွန်းတွေ ခြွေကြတယ်။ အသံချဲ့စက်တွေသုံးပေမယ့် သဲသဲကွဲကွဲမကြားရ။ အမှန်တော့လည်း ဘာပြောပြော သိပ်တော့မထူးလှပါဘူး။ ပါတီရဲ့ အာဘော်တွေ ပြောကြတာ စိတ်ဝင်စားစရာ မကောင်းလှတော့ ချီတက်သူတွေအချင်းချင်း စကားတွေပြော၊ ယူလာတဲ့အစားအသောက်တွေစားပြီး ပြန်ကြရတာ။ ဒါပေမယ့် ပျော်စရာတော့ ကောင်းတာ။ အခုချိန်ထိ မှတ်မိတာက ဒေါ်မာမာအေးရဲ့ သီချင်း။ အထူးသဖြင့် “သံသယပျောက်ပါစေ၊ အမှန်ဘဝ ရောက်ပါစေ” အပုဒ်ကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ဒီအပုဒ်က အခုထိ အဓိပ္ပာယ်ရှိလှပါတယ်။

အသင်းကို စိတ်တူကိုယ်တူဖွဲ့စည်းခဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က ကုန်သည်စက်မှု အသင်းက ဦးအေးဝင်းနဲ့ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ ဦးမင်းဗညားစန်းတို့ လာရောက်တိုင်ပင်ပါတယ်။ တိုင်းရင်းသားလုပ်ငန်းရှင်များနဲ့ ပတ်သက်ပြီး အစုအဖွဲ့တစ်ခု ဖွဲ့စည်းလိုကြောင်း လာပြောပါတယ်။ သူတို့ရဲ့ တင်ပြချက်တွေ နားထောင်ရင်း အတွေးတစ်ခု ချက်ချင်းပေါ်လာခဲ့တယ်။ ကုန်သည်ကြီးများအသင်းမှာ အဖွဲ့ဝင်အသင်း အမျိုးအစား နှစ်ခုရှိတယ်။ တစ်မျိုးကတော့ စီးပွားရေးလုပ်ငန်းတစ်မျိုးစီ အတွက် ဖွဲ့စည်းထားတဲ့အသင်း။ ဥပမာ ပဲအသင်း၊ ဆီအသင်း၊ ငါးအသင်း ၊ ဒုတိယအမျိုးအစားကတော့ စီးပွားရေးလုပ်ငန်း အားလုံးနဲ့ ပတ်သက်တဲ့အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း၊ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်သူများအသင်း။ ဒါကြောင့် တိုင်းရင်းသားစီးပွား ရေးလုပ်ငန်းရှင်များအနေနဲ့ ဒုတိယအမျိုးအစားအနေနဲ့ အဖွဲ့ချုပ်မှာ မှတ်ပုံတင်ဖို့ တိုက်တွန်းလိုက်တာ။ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကိုလည်း တင်ပြခဲ့တယ်။ သူ့ရဲ့ သဘောတူမှုကိုလည်း ရယူခဲ့တယ်။ ဒါနဲ့ ဒီအသင်းကြီးကို စတင်ဖွဲ့စည်းခဲ့တာ။ စဖွဲ့တဲ့အချိန်မှာ အားလုံးစိတ်တူ သဘောတူရှိနိုင်အောင် ဆွေးနွေးပွဲတွေကို ကျွန်တော်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။

အလုပ်တစ်ခုလုပ်မယ်ဆိုရင် မေးခွန်းသုံးခုမေးဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူတယ်။ အလုပ်လို့ပြောရင် ဘာလုပ် လုပ်အသင်းအဖွဲ့တည်ထောင်ဖို့ ကိစ္စအတွက်သာမက အစည်းအဝေးတစ်ခု ကျင်းပတော့မယ်ဆိုရင်လည်း မေးရမယ့် မေးခွန်းက သုံးခုပဲ ရှိပါတယ်။ ပထမမေးခွန်းက ဘာကြောင့် လဲ (Why?)၊ဘာကြောင့်လုပ်ရတာလဲ။ ဒါကို သေသေချာချာ သိဖို့၊ နားလည်ဖို့ လိုတာ။ ဘာကြောင့်လုပ်မှန်းမသိ လုပ်နေ တာတွေက အများကြီး။ လူငယ်တစ်ယောက် တက္ကသိုလ်တက်ဖို့ စဉ်းစားရင် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းဟာ အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတာသိရင် ဒုတိယ မေးခွန်းက ဘယ်လိုလုပ်မလဲ (How?) ။ နောက်ဆုံးမေးခွန်းက ဘာလုပ်မှာလဲ (What)။

နိုင်ငံရေးဟာ စီးပွားရေးနဲ့ဆက်စပ်နေ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းကို ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့အခါ အခြေခံစဉ်းစားချက်တွေရှိခဲ့တယ်။ အရေးကြီးဆုံးက နိုင်ငံရေး ရည်ရွယ်ချက်ပဲ။ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဟာ နိုင်ငံတော်က အကောင်အထည်ဖော်နေတဲ့ Business for Peace  (B4P)လို့ခေါ်တဲ့ ငြိမ်းချမ်းရေးအတွက် စီးပွားရေးဆိုတဲ့ လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်စေချင်တာ။ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ယနေ့အထိ ပဋိပက တွေရှိနေဆဲ။ ဒီပဋိပက္ခရဲ့အခြေခံတွေဟာ နိုင်ငံရေးတွေ ပါဝင်ပေမယ့် တစ်ဖက်ကလည်း စီးပွားရေးနဲ့ ဆက်စပ်နေတာကိုတော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ နိုင်ငံရေးဘောဂဗေဒ သဘောထားအရ စီးပွားရေးမပါတဲ့ နိုင်ငံရေးမရှိသလို နိုင်ငံရေးမပါတဲ့ စီးပွားရေးလည်း မရှိနိုင်ပါဘူး။ တစ်ဖက်က နိုင်ငံရေးနည်းလမ်းတွေနဲ့ ငြိမ်းချမ်းရေးရှာဖွေနေသလို စီးပွားရေးအဖြေတွေ ဖော်ထုတ်ပြီး ရနိုင်တယ်လို့ ယုံကြည်မိတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ ဒေသတွေဟာလည်း တိုင်းရင်းသား အများစုမှီတင်းနေထိုင်တဲ့နေရာတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီအသင်းကြီးအနေနဲ့ တတ်နိုင်တဲ့ဘက်က ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလုပ်ငန်းရှင်များ ဦးစီးနေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကိုလည်း လူမှုရေးတာဝန်ကျေပွန်အောင် တွန်းအားပေးဖို့ လိုတယ်။ လူမှုရေးတာဝန်ကျေမှုလို့ ပြောရင် လုပ်ငန်းတစ်ခုမှာ ရည်ရွယ်ချက်သုံးခုရှိဖို့ လိုတယ်။ 

ပထမဦးတည်ချက်ကတော့ အမြတ်ရရှိရေး ဖြစ်တယ်။ အရှုံးခံပြီး စီးပွားရေးလုပ်လို့မရဘူး။ အမြတ်ရအောင် ဆောင်ရွက်တာဟာ အပြစ်မဟုတ်ဘူး။ ဒါပေမယ့် မှန်ကန်တဲ့ အမြတ်ဖြစ်ရမယ်။ မှန်ကန်ဖို့က လုပ်ငန်းတွေဟာ မိမိပတ်ဝန်းကျင်ကို ကာကွယ်ရမယ်။ ထိန်းသိမ်းရမယ်၊ စောင့်ရှောက်ရမယ်။ 

အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလုပ်လို့ မရဘူး။ သစ်တောတွေကို စည်းကမ်းမဲ့ ခုတ်တာမျိုး၊ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ သုံးစွဲတာမို့ အညစ်အကြေးတွေကို စိတ်တိုင်းကျ စွန့်ပစ်တာမျိုး မဖြစ်စေရဘူး။ နောက်ဆုံးကတော့ လူတွေအပေါ် တာဝန်ကျေ ရမယ်။ လူလို့ပြောရင် ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေ၊ မိမိလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေအားလုံးရဲ့ အကျိုးကို ကြည့်ဖို့ လိုအပ်တယ်။ အင်္ဂလိပ်လိုတော့ Profit (အမြတ်)၊ Planet (ပတ်ဝန်းကျင်)နဲ့ People (လူ) P သုံးလုံး၊ 3P လို့ အတို ကောက်မှတ်နိုင်တယ်။ အခုလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုသလို ဝန်ထမ်းတွေအပေါ်မှာလည်း အာရုံရှိရမယ်။ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီး နောက်ဆုံးအနေနဲ့ အဂတိလိုက်စားမှုကို လုံးဝဆန့်ကျင်ဖို့လိုတယ်။ 

ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေအပြင် NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့ခြောက်ဖွဲ့နဲ့လည်း ဆုံပေးခဲ့တယ်။ အပစ်အခတ် ရပ်နေတဲ့သူတွေနဲ့ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကို ပေါင်းစပ်ပေးတာ။ တစ်ဖက်နဲ့တစ်ဖက် အင်အားကိုယ်စီရှိ ကြတယ်။ ဒီအင်အားတွေ ပေါင်းစပ်နိုင်ရင် စီးပွားရေးဖွံ့ဖြိုးမှု အတွက်သာမက ငြိမ်းချမ်းရေးခရီးမှာလည်း အထောက်အကူ ပြုနိုင်မှာ။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ အခုလို အသင်းကြီးဖွဲ့ပြီး ဒုတိယခြေလှမ်းအနေနဲ့ တိုင်းရင်းသားအလိုက် အသင်းတွေ စတင်ဖွဲ့ ကြတယ်။ ရခိုင်၊ မွန်၊ ကရင်၊ ချင်း၊ ရှမ်း အစရှိတဲ့ အသင်းတွေ။ အသင်းကြီးရဲ့ အင်အားဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။ အသင်းကြီးကို မြန်မာနဲ့ ကမ္ဘာက သိအောင်ဆောင်ရွက်ဖို့ ကြိုးပမ်းချက်တစ်ရပ်အနေနဲ့ ရန်ကုန်မြို့ နာမည်ကြီး ကျိုက္ကဆံကွင်းမှာ ပွဲတော်ကြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ ပွဲတော်ကြီးရဲ့ အမည်အနေနဲ့ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပေးခဲ့တယ်။ အမှန်တော့ အစက စရတာ။ အားလုံး ဘာမှ အဆင်သင့်မရှိဘဲ ကွင်းကြီးကို ရှင်းလင်းရတယ်။ စက်ကြီးတွေ သုံးခဲ့ရတယ်။

ပွဲလုပ်နိုင်ဖို့ အတော်ကြိုးစားရတာ။ ကြိုးပမ်းချက်တွေကို ပြောရရင် ဆောင်းပါးဆယ်ပုဒ်လောက် ရေးနိုင်မှာ။ အသင်းဥက္ကဋ္ဌ ဦးယောစက်၊ ဒုတိယဥက္ကဋ္ဌ ဦးလဖန်ခွန်ဆာ၊ အတွင်းရေးမှူး ဦးမင်းဗညားစန်း။ ဒီသုံးဦး ဦးစီးပြီး လုပ်ခဲ့တာ။ ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း အားထုတ်ပေးခဲ့တယ်။ ဦးမင်းဗညားစန်းရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ကျင်သန်းကတော့ စံနမူနာပဲ။ ပင်ပန်းခံတယ်။ 

လုပ်ရည်ကိုင်ရည်ရှိတယ်။ ဒါကြောင့် အာဖရိကတိုက်က စကားပုံ တစ်ခုသွားသတိရတယ်။ “မြန်မြန်ရောက်ချင်ရင် တစ်ယောက် တည်းသွား၊ ဝေးဝေးရောက်ချင်ရင် အဖော်နဲ့သွား”။ အခုတော့ တိုင်းရင်းသားတွေက ညီညွတ်တယ်။ စည်းလုံးတယ်။ ခွင့်ပြုချက်ရပြီး ရက်အနည်းငယ်မှာ ရုပ်လုံးပေါ်အောင် လုပ်ခဲ့တယ်။ ဦးလဖန်ခွန်ဆာရဲ့ ကျေးဇူးနဲ့ ကချင်မနောကကွင်းကို ဖော်ထုတ်ခဲ့တယ်။

အားလုံးက တကြွ်ကစွာပါဝင် ပွဲမစမီ တစ်ရက်အလို ကျွန်တော်နဲ့ဇနီး ကွင်းထဲရောက်သွားတော့ ကိုဗညားက လိုက်ပြတာ။ လူတိုင်းက တက်တက်ကြွကြွ။ လူငယ်တွေ နေပူထဲမှာ ချွေးတလုံးလုံးနဲ့။ လူကြီးတွေကလည်း လိုအပ်တာတွေကို လုပ်ပေးနေကြတာ။ မြင်ကွင်းက ဝမ်းသာစရာ၊ ကြည်နူးစရာ။


ဖွင့်ပွဲနေ့မတိုင်မီ တစ်ရက်က လှိုင်နယ်မြေမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်ခဲ့တယ်။ ကျွန်တော်လည်း မျှဝေခွင့်ရခဲ့တယ်။ ပွဲတစ်လျှောက်လုံးကတော့ ပြောစရာမရှိအောင် အဆင်ပြေလှတယ်။ အောင်မြင်တဲ့ ပွဲကြီး။ နှစ်ပေါင်း ၃၀ ကျော်မှာ တစ်ကျော့ပြန် လုပ်ခဲ့တဲ့ပွဲကြီး။ အရင်ခေတ်ကို မီတဲ့သူတိုင်း ရင်ခုန်သံအပြည့်။ တိုင်းရင်းသားပြခန်း တွေမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တွေက ဖွင့်ထားသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက “ဝ”၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ တအာင်းတွေကလည်း ပြခန်းတွေ ဖွင့်ထားတာ။ မိမိလူမျိုးစုရဲ့ စာပေ၊ ယဉ်ကျေးမှု အဝတ်အစားနဲ့ အစားအသောက်တွေကို ဝေဝေဆာဆာ ပြသရောင်းချခဲ့ ကြတယ်။ တိုင်းရင်းသားမယ်ရွေးပွဲလည်း ကျင်းပနိုင်ခဲ့တယ်။ ကွင်းထဲမှာ ညဈေးတန်းဖွင့်နိုင်ခဲ့သလို အရောင်းပြခန်း တွေကလည်း ၁၀ဝဝ ကျော်။ တာဝန်ရှိကြတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဝန်ကြီးကတော်တွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများကလည်း အားပေးကြတယ်။

ကွင်းထဲကမြင်ကွင်းကို ကြည့်ရင်း ငြိမ်းချမ်းမှုဟာ အခုလို တစ်ဦးနဲ့တစ်ဦး ရင်းနှီးပြီး ယုံကြည်မှုတည်ဆောက်မှုကနေ အစပျိုးတာ ဖြစ်တယ်လို့ ယုံကြည်မိတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်များအားလုံးဟာ ကိုယ့်အိတ်ကိုယ်စိုက်လုပ်ကြတာ။ ဘာမှ မမျှော်မှန်းဘဲ လုပ်ခဲ့ကြတာဖြစ်တယ်။

လုပ်ငန်းရှင်များရဲ့ အင်အားကို စုစည်းခဲ့ လုပ်ငန်းရှင်များရဲ့ အင်အားကို စုစည်းနိုင်ဖို့ လိုတယ်။ သူတို့နဲ့ ပတ်သက်လာရင် အမြင်ရှင်းဖို့ လိုအပ်တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ အမှန် “ပြည့်ဝမ်းဗိုက်” တွေ ဖြစ်တယ်။ ဝမ်းဗိုက်တွေပြည့်ဖို့ လိုအပ်တယ်။ သူတို့ရဲ့ စွန့်ဦးတီထွင်မှုကို နိုင်ငံအတွက် အသုံးချနိုင်ဖို့ အရေးကြီးတယ်။

ခြောက်လအတွင်း အခုလို မမျှော်မှန်းနိုင်တဲ့ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်မိတယ်။ အဘက်ဘက်က လိုလေသေးမရှိအောင် ပါဝင်ကြတယ်။ “ပွဲပြီး မီးသေ” မဖြစ်အောင်လုပ်ဖို့ လိုမယ်။ ပွဲလုပ်တာ ဘာကြောင့်လဲဆိုတာ ကို သတိပြုရမယ်။ ကျွန်တော်ကတော့ ဒီအသင်းရဲ့ နာယက တစ်ဦးအနေနဲ့ တတ်နိုင်သရွေ့ အားပေးမယ်။ နိုင်ငံတော်အစိုးရ နဲ့တာဝန်ရှိတဲ့သူတွေကလည်း ဂရုစိုက်တာတွေ့ရတာမို့ ပီတိဖြစ် မိတယ်။ အားလုံးငြိမ်းချမ်း ကြပါစေ။ အားလုံးချမ်းသာကြ ပါစေလို့ ဆန္ဒပြုရင်း။ ။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်